BREAKING
September 19, 2024

ဂျပန်ဝန်ကြီးချုပ်သစ် အောက်တိုဘာ ၁ တွင် ရွေးချယ်မည်

September 19, 2024

ဂျပန်ဝန်ကြီးချုပ်သစ်ရွေးချယ်မည့် ပါလီမန်အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ကြောင်း အာဏာရနှင့် အတိုက်အခံ နှစ်ဖက်ပါတီများ သဘောတူလိုက်ပြီဖြစ်သည်။

အာဏာရ LDP ပါတီ၏ ခေါင်းဆောင်သစ်ရွေးချယ်မှုကို လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပါတီတွင်း မဲပေးရွေးချယ်မှုအရ ရွေးချယ်တင်မြှောက်သွားရန် ရှိသည်။ LDP ပါတီသည် ဂျပန်နိုင်ငံကို ဆယ်စုနှစ်များစွာ ဆက်တိုက်နီးပါး အုပ်ချုပ်လာခဲ့သည့် ပါတီဖြစ်သည်။ လွှတ်တော် နှစ်ရပ်စလုံးတွင် အသာစီးရထားသော LDPပါတီ၏ ခေါင်းဆောင်သစ်သည် ဝန်ကြီးချုပ်ရာထူးကိုပါ တပါတည်း ရရှိမည် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အသစ်ရွေးကောက်တင်မြှောက်လိုက်သည့် ဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထောက်ခံပေးရသည်။

ပါတီခေါင်းဆောင်သစ်အဖြစ် အဆိုပြုထားသည့် ကိုယ်စားလှယ် ကိုးဦး ရှိသည့်အနက် စစ်တမ်းများအရ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ရေပန်းအစားဆုံး ကိုယ်စားလှယ် သုံးဦး ပေါ်ထွက်လာနေသည်။ ယင်းတို့မှာ ဂျပန်နိုင်ငံ စီးပွားရေးတည်ငြိမ်ရေးဝန်ကြီးဖြစ်သူ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး ဆာနဲတာကိုင်ချီ၊ LDP ပါတီအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ အသက် ၆၇ နှစ်အရွယ် ရှီဂဲရုအစ်ရှီဘာနှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ဂျုနီချီရိုကိုအိဇုမိ၏ သားဖြစ်သူ အသက် ၄၃ နှစ်အရွယ် ရှင်နီဂျီရိုကိုအိဇုမိတို့ ဖြစ်သည်။

လာမည့်ပါတီခေါင်းဆောင်သစ်ရွေးကောက်ပွဲသည် ဂျပန်နိုင်ငံရေးတွင် သမိုင်းဝင်ရွေးကောက်ပွဲ ဖြစ်သည်။

ရှင်နီဂျီရိကိုအိဇုမိသာ အနိုင်ရခဲ့လျှင် နိုင်ငံ့သမိုင်းတလျှောက် အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာလိမ့်မည်။ သဘောထားတင်းမာသော ဂျပန်အမျိုးသားရေးဝါဒီ ဆာနဲတာကိုင်ချီသာ အနိုင်ရခဲ့လျှင် သူမသည် တိုင်းပြည်၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာနိုင်သည်။

စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများအပါအဝင် အတိတ်က ဂျပန်စစ်သည်တော်များ၏ အာဇာနည်ဗိမာန်ကို မကြာခဏသွားရောက်ဂါရဝပြုလေ့ရှိသည့် ဆာနဲတာကိုင်ချီ အာဏာရလာမည်ကို ဂျပန်၏ နယ်ချဲ့ကျူးကျော်မှုဒဏ် ခံစားခဲ့ရဖူးသည့် တရုတ်နှင့် တောင်မြောက် ကိုရီးယားနှစ်နိုင်ငံစလုံးက မနှစ်မြို့ချေ။

လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကို အာဏာရ LDP ပါတီ၏ ခေါင်းဆောင်အဖြစ် ၂၀၂၁ ခုနှစ်က ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီတွင်းအကျင့်ပျက်ခြစားမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုပြဿနာကြောင့် ၎င်းအပေါ် လူထုထောက်ခံမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းအောက် ကျရောက်လာခဲ့သည်။ ၎င်း၏ ၃ နှစ်တာ ဝန်ကြီးချုပ်သက်တမ်းသည် ယခုစက်တင်ဘာလတွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး ဆက်လက် ဝင်ရောက်အရွေးခံခြင်း မရှိတော့ပေ။

Ref: Kyodo News, CAN