BREAKING
September 19, 2024

သံဖြူဇရပ် အမြောက်တပ် အနန်းကွင်းရွာအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ငါးရက်ဆက်ပစ်ခတ်

September 19, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာဘက်ကို သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း (၃၁၅) က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ငါးရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းနှင့် အနီးနားရှိ ကျေးရွာတို့ကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့အထိ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ် နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် အနန်းကွင်းအနီး ဖားပြရွာထဲကို နှစ်ရက်ဆက် လက်နက်ကြီးပစ်ခတ်ခံရပြီး လက်နက်ကြီးကျည် ၁၀ ခန့်ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မရှိသော်လည်း နေအိမ်နှင့် သီးပင်စားပင်အချို့ ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ညသန်းခေါင်အချိန် ဖားပြရွာထဲကို အမြောက်ကြီးတွေနဲ့ လှမ်းပစ်တာ အချက်ပေါင်း မနည်းဘူး။ ရွာထဲ ကျကွဲတာလည်း ရှိတယ်။ လူထိခိုက်မှု မရှိပေမယ့် အပင်တွေ၊ အိမ်တွေ ထိတာတော့ရှိတယ်။ အခု ရွာထဲမှာ မနေရဲကြတော့ဘူး” ဟု ဖားပြရွာ ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ရွာတွင် မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်းဒေသခံတို့ထံမှ သိရသည်။

အနင်းကွင်းကျေးရွာရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းနှင့် လွတ်ရှမ်းကျေးရွာရှိ တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲပြင်းထန်လာခဲ့သည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ပစ်ခတ်ခြင်း မရှိတော့ သော်လည်း စက်တင်ဘာလ ၁၅ ရက်မှစတင်ကာ ပြန်လည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အနန်းကွင်း ဗျူဟာတပ်စခန်းနှင့် လွတ်ရှမ်းတပ်စခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ရေး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်လည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူတို့ဖြင့် ပြန်လည် တိုက်ခိုက်နေသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် လွတ်ရှမ်းတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားသည့်အတွက် လွတ်ရှမ်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားခဲ့သည်။

လက်ရှိတွင် အနန်းကွင်းဗျုဟာတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တို့က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေသည့်အတွက် ဒေသတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် အနန်းကွင်း၊ လွတ်ရှမ်း အနီးအနား တစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်လကျော်ကြာလာသည့်ထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။