BREAKING
September 19, 2024

တရားမဝင် မြန်မာလုပ်သားများကို တရားဝင်ဖြစ်အောင် လုပ်ပေးရန် ထိုင်းအတိုက်အခံပါတီ တိုက်တွန်း

September 19, 2024

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများအရေးနှင့်ပက်သက်၍ ပြဿနာများကို ဖြေရှင်းနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို တရားဝင်မှတ်ပုံတင်ပေးဖို့ ထိုင်းအစိုးရကို အတိုက်အခံပါတီဖြစ်သော People’ Party က လွှတ်တော်အင်တာဗျူးတစ်ခုတွင် တိုက်တွန်းလိုက်သည်။

People’ Party သည် ယခင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းခံလိုက်ရပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသော အတိုက်အခံပါတီဖြစ်သည်။

မြန်မာလုပ်သားများအရေးကို တောင်းဆိုပေးသည့် People’ Party အပေါ် လူမှုကွန်ရက်များတွင် ဝေဖန်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

People’ Party သည် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများ၏ အခွန်ဘဏ္ဍာကို အသုံးပြုပြီး မြန်မာအလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးရန် ကြိုးပမ်းနေကြောင်း လူမှုကွန်ရက်များတွင် ဝေဖန်မှုများ ရေသားနေကြသည်။

ပါတီရပ်တည်ချက်နှင့်ပတ်သက်၍လည်း People’ Party အပေါ် ထိုင်းနိုင်ငံသားများက မေးခွန်းထုတ်မှု ပိုများလာခဲ့ပြီး Myanmar People’ Party အထိ ခေါ်ဝေါ်သုံးစွဲကာ ဝေဖန်တိုက်ခိုက်လာခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုများအပေါ် စက်တင်ဘာလ ၁၈ ရက်နေ့ လွှတ်တော်ထဲရှိ အင်တာဗျူးတစ်ခုတွင် ပါတီဘက်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

တရားမဝင် ဖြစ်နေသော မြန်မာအလုပ်သမားများကို တရားဝင်ဖြစ်အောင် ပြုလုပ်ပေးခြင်းက ထိုင်းနိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုနှင့် ပြစ်မှုများကို ဖြေရှင်းပေးနိုင်ရေးအတွက်ဖြစ်ကြောင်း People’ Party ၏ လွှတ်တော်အမတ် Parit Wacharasindhu က ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ပေးခြင်းသည် ထိုင်းလူမျိုးများကဲ့သို့ အခွင့်အရေးတန်းတူပေးရန် ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း ပါတီဘက်က ပြန်လည်ဖြေရှင်းခဲ့သည်။

မြန်မာအလုပ်သမားများအရေးသည် လတ်တလောတွင် ထိရှလွယ်ကူသော ပြဿနာတစ်ခုဖြစ်နေပြီး လူထုကြား စိတ်သဘောထားကို သက်ရောက်မှုရှိနိုင်ကြောင်း Parit Wacharasindhu က‌ ပြောကြားခဲ့သည်။

ပြဿနာများသည် ထိလွယ်ရှလွယ်ဖြစ်နေသော်လည်း ပါတီမူဝါဒအရ လူသားများ၏ ဘဝတန်ဖိုးနှင့် ဆိုင်သော အခွင့်အရေးကိစ္စများ ဖြစ်ပါက ပွင့်ပွင့်လင်းလင်း ရင်ဆိုင်သင့်ကြောင်း သူကဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ သန်းခန့်ရှိနေကြောင်း ပါတီဘက်က ခန့်မှန်းထားပြီး ၎င်းတို့အနက် တစ်ဝက်ခန့်က တရားမဝင်ဖြစ်နေကြကြောင်း ဆိုသည်။

“ဒီပြဿနာက အစိုးရကနေ ဖြေကို ဖြေရှင်းရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ သူတို့က (မြန်မာလုပ်သား) တရားမဝင် လမ်းကြောင်းကနေ ဝင်လာပြီး အလုပ်လုပ်နေကြတော့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်ပေါ်စေတယ်။ နောက် အစိုးရအဖွဲ့မှာလည်း ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် အချက်အလက် ခိုင်ခိုင်မာမာ မရှိဘူးဖြစ်နေတယ်” ဟု Parit Wacharasindhu က ဆိုသည်။

တရားမဝင် မြန်မာအလုပ်သမားများမှာလည်း လူမှုရေးပြဿနာများစွာ ဖြစ်စေနိုင်သဖြင့် အစိုးရဘက်က ကြီးကြပ်၍ ဂရုစိုက်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း သူက တိုက်တွန်းထားသည်။

အကယ်၍ အလုပ်သမားများအားလုံး တရားဝင် စနစ်ထဲဝင်လာပါက သူတို့အားလုံး အခွန်ပေးဆောင်လိမ့်မည်ဖြစ်ကြောင်း ပါတီဘက်က ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားပြဿနာများနှင့် အကျင့်ပျက်ချစားမှုများကို ကိုင်တွယ်ဖြေရှင်းရန်မှာ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် မှတ်ပုံတင်ပေးရမည့် နည်းလမ်းတစ်ခုသာ ရှိကြောင်း၊ အဆိုပါနည်းလမ်းကသာ ထိုင်းနိုင်ငံအတွက် ရေရှည်အကျိုးဖြစ်စေမည်ဖြစ်ကြောင်း People’ Party ဘက်က ထောက်ပြထားသည်။

တစ်ဖက်တွင်လည်း မြန်မာအလုပ်သမားများအပေါ် ထိုင်းအဖွဲ့အစည်းများစွာက ဝေဖန်တိုက်ခိုက်မှုများပိုများလာပြီး ဆန့်ကျင်ပစ်မှတ်ထားမှုများလည်း ပိုများလာနေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က လူမှုစာမျက်နှာတွင် ရေးသားထားသည်။

ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်သက်တမ်း ရက် ၉၀ သာပေးရန်နှင့် ကိုယ်ဝန်ရှိနေပါက အလုပ်လုပ်ခွင့်ရပ်ပြီး နေရပ်ပြန်၍ ကလေးမီးဖွားရန် အပါအဝင် အချက် ၈ ချက်ကိုလည်း ထိုင်းအရပ်ဘက် အဖွဲ့အစည်းများကတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း သတင်းများထွက်နေသည်။

Ref: The Nation Thailand