BREAKING
September 19, 2024

လုပ်အားခ ဘတ် ၁၃ သိန်းကျော်မပေး၍ မြန်မာလုပ်သားများ အလုပ်ရှင်ကို အမှုဖွင့်

September 19, 2024

ပုံစာ - အလုပ်သမားများ ဆာဝါဒီကန်တွင် တိုင်ကြားနေစဉ်။ ဓာတ်ပုံ - AAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ၊ ပင်လယ်ကမ်းခြေရှိ သဲစုပ်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ လုပ်အားခခြောက်လစာ(ဘတ် ၁၃ သိန်းကျော်) မပေးသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၁၃ ဦးသည် တရုတ်အလုပ်ရှင် ပိုင်ဆိုင်သော ချွန်ဘူရီနှင့် နခွန်စီထမရတ်ခရိုင်များရှိ ကမ်းခြေများကို ပြုပြင်သော သဲစုပ်လှေများပေါ်တွင် ပြီးခဲ့သောနှစ်ကတည်းက လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ယခုနှစ် မတ်လတွင် ထမင်းစရိတ်ကဲ့သို့ ကြိုတင်ငွေများသာ ထုတ်ပေးခဲ့ပြီး ဧပြီလမှစ၍ အလုပ်ရှင်က အကြောင်အမျိုးမျိုးပြကာ လုပ်အားခ လုံးဝထုတ်ပေးခဲ့ခြင်း မရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။

လုပ်အားခများကို ထုတ်ပေးရန် အလုပ်ရှင်ကို ကနဦး ညှိနှိုင်းပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် အလုပ်သမားများက AAC အဖွဲ့ထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း အဖွဲ့က ပြောသည်။

ထို့နောက် စက်တင်ဘာလ ၁၆ ရက်နေ့က အလုပ်သမားများနှင့် အဖွဲ့က စုပေါင်းပြီး အလုပ်သမားများ၏ လုပ်အားခများ ပြန်လည်ရရှိရေးအတွက် အလုပ်ရှင်ကို အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) ထံ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“သူတို့ကလည်း (ဆာဝါဒီကန်) အမှုလက်ခံတယ်ပေါ့နော်။ ကျွန်တော်တို့ အလုပ်ရှင်ကိုလည်း တရားစွဲထားတယ်။ အလုပ်သမားတွေကိုတော့ (အလုပ်ရှင်က) လှေပေါ်မှာ ပေးမနေတော့လို့ ပိုဒုက္ခရောက်နေကြတယ်” ဟု ဦးခိုင်ကြီးက ဆိုသည်။

လက်ရှိတွင် အလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်နေကြသဖြင့် ဒုက္ခရောက်နေကြပြီး AAC အဖွဲ့၏ ဂေဟာတွင် ခိုလှုံနေကြရကြောင်း ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများတွင် ကျွမ်းကျင်အလုပ်သမားများပါဝင်နေပြီး ကျွမ်းကျင်မှုအလိုက် လုပ်အားခအနေဖြင့် တစ်လလျှင် ဘတ် ၁၅,၀၀၀ မှ ၃၅,၀၀၀ အထိ ရနေကြကြောင်း သိရသည်။

လက်ရှိတွင် လုပ်အားခ ၆ လစာအတွက် တစ်ဦးလျှင် အနည်းဆုံး ဘတ် ၁ သိန်းကျော်ရရန်ရှိနေပြီး အလုပ်သမားအားလုံးစုစုပေါင်း အနည်းဆုံး ဘတ် ၁၃ သိန်းကျော်အထိ ရရန်ရှိနေကြောင်း သိရသည်။

အလုပ်သမားများ၏ လုပ်အားခရရှိရေးအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အလုပ်ရှင် အလုပ်သမား ကနဦး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး အကယ်၍ ညှိနှိုင်းမရပါက တရားရုံးအထိ တိုင်ကြားမည်ဖြစ်ကြောင်း AAC အဖွဲ့က ပြောကြားထားသည်။

အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း လုပ်အားခမရရှိပါက တစ်လ သို့မဟုတ် ၂ လအတွင်း တိုင်ကြားမှုများပြုလုပ်သင့်ပြီး အကယ်၍ ၆ လအထိ အချိန်ကြာလာပါက အချိန်ပိုကုန်၍ နစ်နာဆုံးရှုံးမှု ပိုများနိုင်ကြောင်း AAC အဖွဲ့က အကြံပြု သတိပေးထားသည်။