BREAKING
September 19, 2024

လောင်းလုံးတွင် အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက်သတ်ဖြတ်

September 19, 2024

လောင်းလုံးမြိုနယ် သကျက်တောကျေးရွာအုပ်စု၊ ကျောက်ပုံရွာတွင် မနေ့ (စက်တင်တင်ဘာ ၁၈)နံနက်အစောပိုင်းက အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက် သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အသတ်ခံရသူမှာ အသက် ၂၈ နှစ် ဝန်းကျင်အရွယ်ရှိ ကလေးတစ်ယောက်မိခင် ဒေါ်ဌေးဌေးဆိုသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒေါ်ဌေးဌေးကို ဝမ်းကွဲအစ်မ၏ယောက်ျားက မနေ့ နံနက် ၅ နာရီခန့်တွင် နေအိမ်ပေါ်တက်ကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

လူသတ်မှုကျူးလွန်သည်ဆိုသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အလွင့် (ခေါ်)ကိုအက်ဒွက် ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” အလောင်းကို တွေ့တဲ့အချိန် နှုတ်ခမ်းတွေကို ဓားနဲ့လှီးခံထားရတယ်။ နားထဲကလည်း သွေးတွေ စီးကျ နေတယ်။ လည်ပင်းကို ကြိုးနဲ့ချည်ပြီး အိမ်နားက ချောင်းထဲကို ပစ်ချထားတယ်” ဟု ၎င်းကပြောသည်။

လူသတ်မှုကျူးလွန်သူကို စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ လာရောက်ခေါ်ဆောင်သွား သည်ဟု သိရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကပြောသည်။

“ဖြစ်စဉ်ကမှန်ပါတယ် အခု ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က စစ်ဆေး နေတယ်လို့ ကျွန်တော်သိထားတယ် အရေးယူ ဆောင်ရွက်မှုအပိုင်းကတော့ စစ်ဆေးပြီးတဲ့အချိန်မှပဲ ပြောနိုင်လိမ့်မယ် “ဟု ကိုရှဲဒိုးကပြောသည်။

ဒေါ်ဌေးဌေးသေဆုံးချိန်တွင် အသက် ၉ နှစ်အရွယ် သမီးမိန်းကလေးတစ်ဦး ကျန်ခဲ့ပြီး သမီးရှေ့တွင် မိခင်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူက စင်ဂယ်မားသားဖြစ်တယ်။ ဒီလိုအခြေနေမျိုးမှာ လူတစ်ယောက်ကို စိတ်အခန့်မသင့်တိုင်း အလွယ်တကူသတ်ဖြတ်လို့ရတယ်ဆိုတဲ့ အမူအကျင့်မျိုး အရိုးစွဲသွားမှာ ကြောက်တယ်။ ဒီလိုမျိုးရက်စက်ကြမ်းကြုတ်မှုမျိုးကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း တောင်းဆိုတယ်”ဟု ဒေသခံကပြောသည်။

ဒေါ်ဌေးဌေးဆိုသူကို မည်သည့်အကြောင်းရင်းကြောင့် ယခုကဲ့သို့ သတ်ဖြတ်သည်ဆိုခြင်းကိုမူ မသိရသေးပေ။

‌ဒေါ်ဌေးဌေး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၈ ရက်နေ့တွင်ပင် ရွာသူရွာသားများ အကူအညီဖြင့် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများကပြောသည်။