BREAKING
September 19, 2024

ပုလော၊ မီးလောင်အော် တစ်ရွာလုံးနီးပါး မီးရှို့ခံရ

September 19, 2024

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာ တစ်ရွာလုံးနီးပါး မီးရှို့ခံရကြောင်း ကနဦးစုံစမ်းသိရှိရသည်။

ယနေ့ (စက်တင်ဘာ ၁၉) မနက်ပိုင်းတွင် မီးလောင်အော်ရွာထဲမှ မီးတောက်ကြီးများ ထွက်ပေါ်လာနေသည်ကို မြင်တွေ့နေရကြောင်း ရှပ်ပုံဒေသခံတစ်ဦးကပြောသည်။

မီးလောင်အောင်ရွာနှင့် ရှပ်ပုံကျေးရွာမှာ နှစ်မိုင်နီးပါးကွာဝေးသေးသည်။

“ကျွန်တော်တို့လည်း မီးလောင်နေတာပဲသိသေးတယ်။ ဖုန်းဆက်တာလည်း မရတော့ ဘယ်လိုစလောင်တာလဲ တိတိကျကျမသိဘူး။ စကစ(စစ်ကောင်စီတပ်)တွေရှို့တာပဲဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစတွေက လှေနဲ့လာရင် အဲဒီရွာမှာ ကပ်ပြီးမှလာလေ့ရှိတယ်” ဟု ရှပ်ပုံဒေသခံကဆိုသည်။

မီးလောင်အော်ကျေးရွာမှာ ပင်လယ်ကမ်းခြေ‌ တံငါကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ တစ်ရာခန့်ရှိကြောင်း၊ တံငါရွာတို့ ထုံစံအတိုင်း တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ်ကပ်ရှိနေခြင်း၊ နေအိမ်များမှာ မီးလောင်လွယ်သည့် ဓနိမိုး၊ ဝါးထရံကာအိမ်များဖြစ်ခြင်းကြောင့် အိမ်တစ်ဆောင်လောင်ပါက အခြားအိမ်များသို့ အလွယ်တကူ မီးကူးစက်လောင်ကျွမ်း‌နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

Facebook ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် မီးလောင်အော်ရွာ မီးလောင်နေသည့် ဓာတ်ပုံများတွင်လည်း မြေနီလမ်း ဘေးဘယ်ညာတွင်ရှိသည့် နေအိမ်များ မီးလောင်ပျက်စီးနေကြသည်။

အခုရက်ပိုင်းအတွင်း ရှပ်ပုံကျေးရွာအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

မီးလောင်အော်ရွာ အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။