BREAKING
December 22, 2024

ရွှေ့ပြောင်းလုပ်သားများကြားက အသံတိတ်ရန်သူ

September 19, 2024

ပုံစာ - တနင်္ဂနွေနေ့ မနက်တိုင်း ထိုင်းနှင့် မြန်မာဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလေ့ရှိသော မဟာချိုင်ဈေးကြီး။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဝင်ငွေအခြေအနေကြောင့် အခန်းကျဉ်းထဲတွင် လူအများစုနေကြရသလို အာဟာရပြည့်ဝသည့် အစားအသောက်များလည်း ပုံမှန်မစားသောက်နိုင်သည့် အခြေနေတွင်ရှိနေသည်။

ယင်းအခြေအနေကို အခွင့်ကောင်းယူကာ လေမှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်လာနေသည်။

“ပထမတော့ အစာအိမ်ထဲက နာလာတယ်။ ပုဂ္ဂလိကဆရာဝန်တစ်ဦး ပြောတာကတော့ ကျွန်တော့မှာဖြစ်နေတာက အူမကြီးကင်ဆာနဲ့ ဆင်နေတယ်တဲ့။ ဒါနဲ့ စမွတ်စခွန်ဆေးရုံကြီးကို ထပ်သွားစစ်တဲ့အခါ တီဘီရောဂါ ပြန်ဖြစ်နေတယ်ဆိုတာ သိရတာပဲ” ဟုယခုနှစ်မေလက ဒုတိယအကြိမ် တီဘီရောဂါ ပြန်ဖြစ်လာသော မောင်ပိုင်က ဆိုသည်။

မောင်ပိုင်က စမွန်စခွန်ခရိုင် ငါးဈေးကြီး၏ မျက်နှာချင်းဆိုင်ရှိ ၁၀ ခန်းတွဲ အလုပ်သမားတန်းလျားတွင် အခြားရွှေ့ပြောင်းအလုပ်သမားများနည်းတူ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်နေရသူသည်။

မောင်ပိုင်တစ်‌ယောက် ၂၀၂၃ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရင်း ပထမအကြိမ် တီဘီရောဂါကူးစက်ခံရပြီးနောက် ကုသမှုပြီး၍ ပျောက်ကင်းခဲ့သော်လည်း ယခုဒုတိယအကြိမ် တီဘီရောဂါပြန်ဖြစ်လာသည်။

ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် အရှေ့တောင်အာရှတွင် တီဘီရောဂါပြန့်ပွားသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း International Organization for Migration (IOM) ၏ စစ်တမ်းအရသိရသည်။

အဘယ်ကြောင့်ဆိုသော ရွှေ့ပြောင်းအလုပ်သမားများ၏ နေထိုင်မှုပုံစံနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကြောင့်ဖြစ်ပြီး အခန်းတစ်ခန်းတွင် လူအများ ပြည့်ကျပ်စွာနေထိုင်မှုများကြောင့်လည်း ကူးစက်မှု လွယ်ကူနေကြောင်း IOM က ဆိုသည်။

ရွှေ့ပြောင်းလုပ်သားများကြားက တီဘီရောဂါ

Mycobacterium tuberculosis ရောဂါပိုးကြောင့်ဖြစ်သော တီဘီရောဂါက ချောင်းဆိုးခြင်းဖြင့် လေမှတစ်ဆင့် ကူးစက်နိုင်သာ ရောဂါတစ်မျိုးဖြစ်သည်။

ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက် သုံးသိန်းကျော် (၃၃၄,၀၀၀) ကျော်ရှိသည်။

အသက် ၃၃ နှစ်အရွယ် မွန်တိုင်းရင်းသားဖြစ်သော မောင်ပိုင်တို့မိသားစုအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် စမွတ်စခွန်ခရိုင်အတွင်းရှိ နေရာအသီးသီးတွင် နေရာကျဉ်းထဲ ကျပ်ထဲ အဆင်ပြေပြေ နေထိုင်နေကြရသည်။

မောင်ပိုင်သည် တီဘီရောဂါခံစားနေရသည့်အချိန် နေရာအခက်အခဲကြောင့် ချစ်သူအပါအဝင် မိသားစုဝင် ၅ ဦး အခန်းထဲ အတူနေထိုင်နေထိုင်ခဲ့ရသည်။ သို့သော် ကံကောင်းသည်က အခြားမိသားစုဝင်အားလုံးကို စစ်ဆေးရာ တီဘီရောဂါ ကူးစက်မခံခဲ့ရသေးပေ။

ထိုသို့ လူအများစုပြီးနေထိုင်ခြင်းက ရွှေ့ပြောင်းအလုပ်သမားများကြား တီဘီရောဂါအပါအဝင် အခြားကူးစက်မှုမြန်သော ရောဂါများလည်း ပိုမိုဖြစ်ပွားလာနေသည်ကို တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၃ ခုနှစ်ထုတ်ပြန်ချက်အရ တီဘီရောဂါသည် ကမ္ဘာပေါ်ရှိ ကူးစက်မှုရောဂါများထဲ သေဆုံးမှု ဒုတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် လူဦးရေ ၁၀ သန်းကျော်သည် တီဘီရောဂါကို နှစ်တိုင်း ခံစားနေကြရသည်။ အိန္ဒိယနိုင်ငံက တီဘီရောဂါဖြစ်ပွားမှု ၂၇ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့အများဆုံးဖြစ်ပြီး နောက်တွင် အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံများကလည်း အသီးသီးလိုက်နေကြသည်။

ထိုင်းနိုင်ငံက ကမ္ဘာပေါ်တွင် တီဘီရောဂါဖြစ်ပွားမှုများသော နိုင်ငံ ၃၀ စာရင်းတွင် ရှိနေကြောင်း WHO ကထုတ်ပြန်ထားသည်။

လူတစ်ဦး၏ ကိုယ်ခံအားပေါ်မူတည်၍ တီဘီရောဂါကူးစက်ခံရပြီးပါက ပထမနှစ်နှစ်အတွင်း ရောဂါပိုး ပိုများလာတတ်ကြောင်း WHO က ထုတ်ပြန်ထားသည်။

မောင်ပိုင်က အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ပြီး နားချိန်မရှိသဖြင့် ကိုယ်ခံအားနည်းလာရာမှ တီဘီရောဂါပြန်ဖြစ်လာသည်ဟု ထင်မိကြောင်း ဆိုသည်။

သူတီဘီရောဂါစဖြစ်သောအချိန် ရောဂါလက္ခဏာများအကြောင်း ယခုကဲ့သို့ ဆိုသည်။

“ပထမ စစဖြစ်တဲ့အချိန် လမ်းတောင်မလျှောက်နိုင်ဘူး။ အားတွေလည်း မရှိတော့ဘူး။ အဲအချိန်တုန်းက ဝမ်းလည်းချုပ်တယ်။ တစ်ပတ်မှာ တစ်ခါလောက်ပဲ ဝမ်းသွားတယ်” ဟု မောင်ပိုင်က ဆိုသည်။

တီဘီရောဂါမဖြစ်ခင်တွင် မောင်ပိုင်က မဟာချိုင်ပင်လယ်စာဈေးကြီးတွင် ကုန်တင်ကုန်ချလုပ်နေသူတစ်ဦးဖြစ်သည်။

ရောဂါဖြစ်သည့်အချိန် သူသည် လူမှုဖူလုံရေးရန်ပုံငွေအောက်က ကုသမှုခံယူနိုင်ခဲ့သလို အလုပ်ရှင်ကလည်း သူ့ကို လစာမဲ့ ဆေးခွင့်ပေးခဲ့ကြောင်း ဆိုသည်။

မောင်ပိုင် ပထမအကြိမ် တီဘီရောဂါခံစားခဲ့သောအချိန်က တီဘီလက္ခဏာများကို မိခင်ဖြစ်သူက မှတ်မိနေသဖြင့် သူ့ကို သလိပ်အမြန်စစ်ခိုင်းရာမှ တီဘီရောဂါပြန်ဖြစ်နေမှန်းသိပြီး အမြန်ကုသမှုခံယူနိုင်ခဲ့သည်။

မိခင်ဖြစ်သူသည် မောင်ပိုင် တီဘီရောဂါဖြစ်စဉ်က ရောဂါကုသမှုများနှင့် ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတစ်ခုဖြစ်သော Raks Thai Foundation က လာရောက်သင်တန်းပေးစဉ် တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။

စောင့်ကြည့်ကုသမှု နောက်ဆက်တွဲများကို သင်တန်းတက်ထားသော မိခင်ဖြစ်သူက ညွှန်ကြားဆောင်ရွက်ပေးနိုင်ခဲ့သည်။

စမွတ်စခွန်ခရိုင်အတွင်းရှိ တီဘီရောဂါရှိသော မောင်ပိုင်ကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားအများစုသည် ဆေးရုံလာပြသောအချိန်တွင် ချောင်းအခြောက်ဆိုးခြင်း၊ ချောင်းဆိုးသည့်အချိန် သွေးပါခြင်း လက္ခဏာများ ရှိကြောင်း စမွတ်စခွန်ဆေးရုံကြီး၏ ဆရာဝန်တစ်ဦးက ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

၎င်းတို့အနက် လူနာ ၂၀ ရာခိုင်နှုန်းခန့်က ကိုယ်အလေးချိန် ၅ ကီလိုအထိ လျော့ခဲ့ကြောင်း ဆရာဝန်က ပြောသည်။

“တကယ်လို့ လူနာမှာ ရက်ရှည် ချောင်းဆိုးတဲ့လက္ခဏာတွေ ရှိခဲ့ဖူးရင် ချက်ချင်း သီးသန့်ထားတယ်။ နောက် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ မြန်မြန်တွေ့နိုင်အောင် စီစဉ်ပေးတယ်” ဟု စမွတ်စခွန်ဆေးရုံကြီး၏ ဆရာဝန်တစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၅ သန်းခန့်ရှိပြီး အများစုသည် မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း IOM ကထုတ်ပြန်ထားသည်။

မဲခေါင်ဒေသ (GMS) တွင် မြန်မာနိုင်ငံသည် တီဘီရောဂါဖြစ်ပွားမှု အများဆုံးတွင်ရှိနေပြီး လူဦးရေ တစ်သိန်းတွင် ပျမ်းမျှ ၃၆၀ ခန့် ရောဂါခံစားနေကြရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်က တီဘီရောဂါခံစားနေရသူပေါင်း ၁ သိန်းကျော်ရှိသည့်အနက် ရွှေ့ပြောင်းအလုပ်သမားလူနာ ၃၁၀၀ ကျော် ကုသမှုခံယူထားကြောင်း တီဘီရောဂါ တိုက်ဖျက်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အများစုသည် ဘန်ကောက်၊ တာခ့်ခရိုင်နှင့် စမွတ်စာခွန်ခရိုင်များတွင် ပိုဖြစ်နေကြပြီး ရွှေ့ပြောင်းအလုပ်သမား ၆၇ ရာခိုင်နှုန်းခန့်က မြန်မာနိုင်ငံသားများဖြစ်နေသည်။

ယင်းအရေအတွက်က များသည်ဟု မဆိုနိုင်သော်လည်း စမွတ်စခွန်ခရိုင်ရှိ တီဘီရောဂါဌာနက ဆရာဝန်များက ရွှေ့ပြောင်းအလုပ်သမားများကြား တီဘီရောဂါဖြစ်ပွားနေမှုကို လျစ်လျူရှု၍ မရကြောင်း ဆရာဝန်က ဆိုသည်။

“တကယ်လို့သာ ရွှေ့ပြောင်းအလုပ်သမားတွေကြား တီဘီရောဂါကို မကုသပေးနိုင်ဘူးဆိုရင် ရောဂါပိုးက ဆေးယဉ်ပါးလာမယ်။ နောက်ပိုင်း ထိုင်းနိုင်ငံသားတွေအတွက်လည်း အန္တရာယ်ရှိလာနိုင်တယ်”

စောစောကု စောစောပျောက်

ပုံစာ – မယဉ်ယဉ်အေးက လူနာနှင့် မိသားစုဝင်များကို တီဘီရောဂါလက္ခဏာများအကြောင်းဆွေးနွေးနေစဉ်။

“ဒီမှာ အလုပ်လုပ်နေရတာက သူများကို ကူညီနေရသလိုပဲ။ ခက်ခဲတဲ့ အချိန်တွေလည်းရှိခဲ့တယ်။ ပြဿနာတွေကိုလည်း ကိုယ်တိုင်ပဲ ရှင်းခဲ့ရတယ်။ ဒါကြောင့် ဒီဟာ (တီဘီရောဂါ) ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်မသိတယ်” ဟု တီဘီလူနာများကို သွားရောက်စစ်ဆေးပေးပြီးအပြန်တွင် မယဉ်ယဉ်အေးက ပြောသည်။

မယဉ်ယဉ်အေးသည် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသည်မှာ နှစ် ၂၀ ခန့်ရှိနေပြီဖြစ်ပြီး ယခင်က ကလေးထိန်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရာမှ ထိုင်းနှင့် မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်လာခဲ့သည်။

သူငယ်ချင်းဖြစ်သူက မယဉ်ယဉ်အေးကို လုပ်အားပေးရန် ဖိတ်ခေါ်ခဲ့ရာမှ Raks Thai Foundation ကပြုလုပ်နေသော “AIDS နှင့် တီဘီရောဂါပပျောက်ရေး” ပရောဂျက်အောက်တွင် ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့သည်။

သူသည် အလုပ်သမားများ၊ ဆေးရုံနှင့် အဖွဲ့အစည်းများကြားတွင် ညှိနှိုင်းဆောင်ရွက်ပေးနေပြီး အလုပ်သမားများထံ ကွင်းဆင်း၍ တီဘီနှင့် AIDS ကဲ့သို့ကူးစက်ရောဂါများအကြောင်း ပညာပေးလုပ်ငန်းများ ဟောပြောဆောင်ရွက်နေသည်။

အပတ်စဉ် ကြာသပတေးနေ့တိုင်းတွင် စမွတ်စခွန်ဆေးရုံကြီးရှိ တီဘီဆေးခန်းသို့ လာရောက်၍ ဘာသာပြန်အနေဖြင့် ဆောင်ရွက်ပေးလေ့ရှိပြီး အလုပ်သမားများကြား တီဘီရောဂါလူနာများကို ကူညီစစ်ဆေးပေးလျက်ရှိကြောင်း သူကဆိုသည်။

“ကျွန်မအမြဲပြန်ပြောပြတယ်ပေါ့နော်။ ဓါတ်မှန်ရိုက်ခတွေ သလိပ်စစ်ခတွေကို စိတ်မပူကြဖို့ပေါ့။ ဒီအတွက် ကျွန်မတို့ ကျခံပေးမယ်ဆိုတာမျိုးပေါ့။ ဆေးဝါးတွေကိုလည်း ဆေးရုံကြီးက အလကားပေးမယ်ဆိုတာမျိုးပေါ့” ဟု သူကရှင်းပြသည်။

တီဘီရောဂါသည် ကနဦးစစ်ဆေးသောအချိန် အချို့လူနာများတွင် တီဘီရောဂါလက္ခဏာများကို ပြလေ့မရှိသဖြင့် အခက်အခဲဖြစ်ခဲ့သေးကြောင်း မယဉ်ယဉ်အေးက ဆိုသည်။

အချို့အလုပ်သမားများသည် ရောဂါလက္ခဏာပြသနေသော်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့မည်၊ အသရေအဖျက်ခံရမည်ကို စိုးရိမ်သည်ကတစ်ကြောင်း အလုပ်မပျက်ချင်ကြသဖြင့် ရောဂါစစ်ဆေးရန် ငြင်းဆန်လေ့ရှိကြကြောင်း သူကဆိုသည်။

ငြင်းဆန်ခဲ့သော အလုပ်သမားများထဲတွင် တီဘီရောဂါကို သုံးကြိမ်တိုင်တိုင် ခံစားခဲ့ရသော အသက် ၂၉ နှစ်အရွယ် မသက်သက်မာကတော့ မပါဝင်ခဲ့ပေ။

ထိုင်းတွင် တီဘီရောဂါကုသခြင်းက မြန်မာနိုင်ငံထက် ပိုအဆင်ပြေကြောင်း မသက်သက်မာက ဆိုသည်။

ထိုင်းကို စရောက်ရောက်ခြင်း အထောက်အထားမရှိသောအချိန် တီဘီရောဂါကို ဒုတိယအကြိမ် ပြန်ဖြစ်ခဲ့စဉ်က အိမ်ကိုပြန်ရန်သာ စဉ်စားခဲ့ကြောင်း မသက်သက်မာက ပြောသည်။

“ဒုတိယအကြိမ် တီဘီရောဂါဖြစ်တုန်းက ကျွန်မ မြန်မာနိုင်ငံပြန်ပြီး ဆရာဝန်နဲ့ ပြမယ်လို့ စဉ်းစားခဲ့ဖူးတယ်။ ဒီမှာဆို ကျွန်မ ဘယ်သူ့ကို အားကိုးရမှန်း မသိဘူးလေ။ နောက် ကျွန်မက ထိုင်းစကားလည်း မပြောတတ်တော့ အိမ်ကိုပဲ ပြန်ချင်နေခဲ့တယ်” ဟု မသက်သက်မာက ဆိုသည်။

မသက်သက်မာသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ် ၂၀၁၁ ခုနှစ်က တီဘီရောဂါကို ခံစားခဲ့ရပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံတွင် ဒုတိယအကြိမ် တီဘီရောဂါ ထပ်ဖြစ်လာခဲ့သည်။

ယခုနှစ်တွင် သုံးကြိမ်မြောက် တီဘီရောဂါ ထပ်ဖြစ်ခဲ့ပြီး လတ်တလော ဆေးကုသမှု ခံယူနေရသည်။

လက်ရှိတွင် ကူးစက်တတ်သော အခြေအနေက ကျော်လွန်ပြီဖြစ်၍ စက္ကူစက်ရုံလုပ်ငန်းခွင်သို့ ပြန်ဝင်နေပြီဖြစ်ကြောင်း မသက်သက်မာက ဆိုသည်။

Ms. Suwannee Nakthab က၏ အတွေ့အကြုံအရ လူနာ ကျန်းမာနေသောအချိန် တီဘီရောဂါကို တွေ့ရှိမှု မြန်ဆန်ခဲ့ပါက ကုသသည့်နေရာတွင် ပိုမိုလွယ်ကူသည်ဟုဆိုသည်။

တီဘီကုသရေး လမ်းကြောင်းများ

“ဆရာဝန်တွေ (တီဘီရောဂါ) ကုသပေးတဲ့နေရာမှာ ကန့်သတ်မှုတွေ မရှိပါဘူး။ ရောဂါတိုင်းကို ကုသမှုနည်းတွေက အကုန်အတူတူပါပဲ”

စမွတ်စခွန်ဆေးရုံကြီး၏ ဆရာဝန်က ရွှေ့ပြောင်းအလုပ်သမားများဖြစ်နေသော်လည်း ခွဲခြားကုသမှုမရှိခဲ့ကြောင်း ဆိုသည်။

မြန်မာအလုပ်သမားအများစုသည် ဘာသာစကားအခက်အခဲနှင့် အခြားစိန်ခေါ်မှုများကြောင့် ကျန်းမာရေး ကုသမှုခံယူခြင်းများတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေး စမွတ်စခွန်ဆေးရုံကြီးက ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် အထူးဆေးခန်းတစ်ခု ဖွင့်ပေးထားသည်။

တီဘီရောဂါကုသရေးဆေးခန်းကိုလည်း အပတ်စဉ် ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် ဖွင့်လှစ်ထားပြီး လူနာ ၅၀ ခန့်ကို အပတ်တိုင်း ကုသမှုပေးနေကြောင်း စမွတ်စခွန်ဆေးရုံကြီးဘက်က သိရသည်။

စမွတ်စခွန်ဆေးရုံကြီးနှင့် Raks Thai Foundation အဖွဲ့ကပူးပေါင်း၍ တီဘီရောဂါ စစ်ဆေးမှုများနှင့် အလုပ်သမားများကြား တီဘီရောဂါပညာပေးမှုများ ဆက်တိုက်လုပ်ဆောင်ပေးနေသည်။

ပညာပေးမှုတွင် တီဘီလူနာများအား နောက်ဆက်တွဲကုသမှုများနှင့် မိသားစုဝင်များကြား ရောဂါကူးစက်မခံရအောင် နေထိုင်နည်းများ ပါဝင်ကြောင်း စမွတ်စခွန်ဆေးရုံကြီးက ဆရာဝန်က ဆိုသည်။

တီဘီရောဂါလာပြကြသော ရွှေ့ပြောင်းလူနာအချို့တွင် အခြေခံကျန်းမာရေးအာမခံမရှိကြသော်လည်း ၎င်းတို့၏ ကုသမှုများအတွက် ရောဂါထိန်းချုပ်ရေးရန်ပုံငွေများသုံးကာ ကုသမှုပေးနေကြောင်း ဆရာဝန်က ပြောသည်။

အဆိုပါရန်ပုံငွေများသည် HIV၊ တီဘီနှင့် ငှက်ဖျားရောဂါကုသမှုများအတွက် ပြည်ပနှင့် ပြည်တွင်းအဖွဲ့အစည်းများက လှူဒါန်းထားခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား တီဘီရောဂါခံစားနေသူများအနက် ၄၅ ရာခိုင်နှုန်းခန့်က ကျန်းမာရေးအာမခံမရှိကြကြောင်း IOM အရ သိရသည်။

စမွတ်စခွန်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများထံ ဆောင်းပါးရေးသားသူက ကွင်းဆင်းလေ့လာသောအချိန် ရွှေ့ပြောင်းကလေးငယ်များနှင့် အသက်ကြီးပိုင်းလူကြီးများ အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့်များ မရကြပေ။

အကယ်၍ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပါက ဆေးရုံဘတ်ဟုခေါ်သည့် ကျန်းမာရေးအာမခံကတ်ကို ပြုလုပ်ရမည်ဖြစ်ကြောင်း စမွတ်စခွန်ဆေးရုံကြီးဘက်က ပြန်လည်ရှင်းပြခဲ့သည်။

သို့သော်လည်း မှီခိုကလေးငယ်များနှင့် လူကြီးများအတွက် ကျန်းမာရေးအာမခံကတ်ပြုလုပ်ရန် အထောက်အထားစာရွက်စာတမ်းများဖြစ်သော နေထိုင်ခွင့်အထောက်အထား၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် ပန်းရောင်ဘတ် သို့မဟုတ် ကိုယ်ရေးအထောက်အထား၊ ထောက်ခံစာများ လိုအပ်မည်ဖြစ်သည်။

ယင်းလိုအပ်ချက်များကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များနှင့် လူကြီးများအတွက် အက်ကြောင်းတစ်ခုကဲ့သို့ဖြစ်နေပြီး အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့် ရရှိမှု နည်းပါးနေဆဲဖြစ်သည်။

ထိုင်းအစိုးရက ဘာလုပ်ပေးသင့်လဲ

ပုံစာ – မြန်မာအလုပ်သမားအများစုရှိရာ စမွတ်စခွန်ခရိုင်ရှိ Government Housing Complex (Tha Chin) နေရာ

“ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို လိုအပ်တယ်ဆိုတာမျိုး အသိအမှတ်ပြုရမယ်။ ဒါက လုံးဝကို လိုအပ်တယ်” ဟု Dr. Kraisorn Tohtubtiang က ဆိုသည်။

Dr. Kraisorn Tohtubtiang သည် ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန တီဘီရောဂါထိန်းချုပ်ရေးဌာန၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။

လက်ရှိဥပဒေအရ တီဘီရောဂါသည် ရွှေ့ပြောင်းအလုပ်သမားများအကြား တားမြစ်ထားသော ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါရှိသောအလုပ်သမားများကို ထိုင်းနိုင်ငံသို့ မစေလွှတ်ခင်ကတည်းက အလုပ်လုပ်ခွင့် ပိတ်ပင်ထားကြောင်း ဒေါက်တာက ဆိုသည်။

သို့သော်လည်း တရားမဝင် ဝင်ရောက်နေထိုင်မှုများက ထိန်းချုပ်ရေးတွင် အခက်အခဲတစ်ခု ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ရောဂါရှိနေသော အလုပ်သမားများကိုလည်း တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး ဖန်တီးပေးနိုင်ဖို့ ထိုင်းအစိုးရက ကြိုးစားနေဆဲဖြစ်ပြီး ထိုမှတစ်ဆင့် တီဘီရောဂါရှိနေသူများကိုလည်း စစ်ဆေးနိုင်မည်ဖြစ်ကြောင်း Dr. Kraisorn Tohtubtiang ကဆိုသည်။

အကယ်၍ ရောဂါများကို စစ်ဆေးမည်ဆိုပါက ထိုင်းအစိုးရအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်ရမည်ဖြစ်ပြီး အစိုးရအနေဖြင့် အလုပ်သမားအားလုံးကို ကုသမှုများပေးနိုင်ရန် ဘတ်ဂျက်အကန့်အသတ်ရှိနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

“ကျွန်တော်တို့နည်းလမ်းက နေမကောင်းတဲ့သူကို တွေ့ရင်တော့ လူ့အခွင့်အရေးအရ စဉ်းစားရမှာပဲ။ သူတို့ဘယ်နိုင်ငံကလာတာလဲဆိုတာမျိုးကို မစဉ်းစားတော့ဘူး” ဟု ၎င်းက ဆိုသည်။

“တကယ်လို့ (ရောဂါရှိတဲ့) အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကြောက်ရွံ့နေတာ မလိုမုန်းတီးနေတာမျိုး ရှိနေတဲ့သူတွေကျတော့ တီဘီရောဂါနဲ့ ပက်သက်ပြီး ဗဟုသုတမရှိတဲ့သူတွေပဲ ဖြစ်လိမ့်မယ်။ သူတို့ကို ကူးစက်လာမှာကို ကြောက်လာတာမျိုး အလုပ်သမားတွေကပဲ တီဘီရောဂါကို လာဖြန့်နေတယ်လို့ ယူဆနေတဲ့ သူတွေမျိုးပေါ့” ဟု Dr. Kraisorn Tohtubtiang က ဆိုသည်။

လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမားများကြား တီဘီရောဂါဖြစ်ပွားမှုသည် ထိုင်းနိုင်ငံသားများ ဖြစ်ပွားမှုထက် အရေအတွက် နည်းကြောင်း သူက ထောက်ပြသည်။

အလုပ်သမားအများစုနေထိုင်သော ဈေးထဲသို့ သွားလာမှုနှင့် ယှဉ်လိုက်ပါက လေဝင်လေထွက်နည်းပြီး လူပိုများသော အရက်ဆိုင်၊ ဘားများကို သွားခြင်းက တီဘီရောဂါကူးစက်ခံရမှုအတွက် ပိုအန္တရာယ်များနိုင်ကြောင်း Dr. Kraisorn Tohtubtiang က ရှင်းပြသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ကျန်းမာရေးပြဿနာတစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ရယူကြရန် သူက တွန်းအားပေးခဲ့သည်။

ထိုင်းနိုင်ငံ၏ ကျွန်းကျင်ဆရာဝန်များက အလုပ်သမားများ တရားဝင် ဖြစ်မဖြစ်ကို ဂရုမစိုက်ကြဟု သူကဆိုသည်။

သို့သော်လည်း လက်တွေ့တွင် ကွင်းဆင်ဆောင်ရွက်ခဲ့ပါက ရဲတပ်ဖွဲ့များကဲ့သို့ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သဖြင့် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း Raks Thai Foundation ၏ ကွင်းဆင်းတာဝန်ခံ Ms. Suwannee Nakthab က ပြောသည်။

ရဲတပ်ဖွဲ့များသည် ကျန်းမာရေးကိစ္စများထက် ကျန်လုံခြုံရေးတာဝန်များကိုသာ ဦးစားပေးခဲ့သည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားအများစုက ကြောက်ရွံ့ကြသဖြင့် ကျန်းမာရေးစစ်ဆေးမှု၊ ကုသမှုများ ခံယူရန် ငြင်းဆန်နေကြကြောင်း Ms. Suwannee Nakthab က ဆိုသည်။

ယင်းကြောင့် Raks Thai Foundation ၏ AIDS နှင့် တီဘီရောဂါပပျောက်ရေးအောက်တွင် ဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ကိုင်နေသော မယဉ်ယဉ်အေးသည် တီဘီရောဂါ ခံစားနေရသော အလုပ်သမားများနေထိုင်ရာ ပတ်ဝန်ကျင်များသို့ သွားရောက်လေ့ရှိသည်။

အလုပ်သမားများ အလုပ်က ပြန်လာပါက အချင်းချင်း စကားစမည်ပြောခြင်း၊ အားကစားပြုလုပ်ခြင်း၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်းများပါဝင်ပြီး တီဘီရောဂါနှင့် အခြားကူးစက်ရောဂါများအကြောင်း ပညာပေးလေ့ရှိကြောင်းဆိုသည်။

တီဘီလူနာအရေအတွက် ပိုမိုနည်းလာခြင်းက ပတ်ဝန်းကျင်အတွက် ဘေးကင်းလုံခြုံစေနိုင်ကြောင်း မယဉ်ယဉ်အေးက သူမအလုပ်အပေါ် ခံစားမှုကို ပြောပြသည်။

“တကယ်လို့ ကျွန်မတို့ ကူညီလိုက်တဲ့ လူနာတစ်ဦးက ပြန်ကျန်းမာလာတာကို မြင်ရရင် ဒါက ရောဂါပိုးတွေ နည်းသွားပြီလို့ ဆိုနိုင်တယ်။ ကျွန်မတို့ဆီကိုလည်း မကူးစက်နိုင်တော့ဘူးပေါ့။ ဒီလိုလူနာတွေများများဆီ ရောက်ပြီး ကုသပေးနိုင်လို့ရှိရင် ရောဂါပိုးတွေလည်း ပိုပိုနည်းလာနိုင်တယ်လေ။ ဒါက ကျွန်မတို့အတွက်ပဲ မဟုတ်ဘူး။ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းအတွက်ပါ ပိုလုံခြုံပြီး အန္တရာယ်ကင်း ဘေးကင်းလာစေမှာ”

မှတ်ချက်။ မူရင်းဆောင်းပါးကို ထိုင်းသတင်းထောက် Nathaphob Sungkate က ရေးသားထားပြီး The 101.World တွင် ထိုင်းဘာသာဖြင့် ပထမဆုံး ထုတ်ဝေပြီးဖြစ်သည်။ ထိုင်းဘာသာဖြင့် ဤနေရာတွင် ဖတ်ရှုနိုင်သည်။

https://www.the101.world/tb-in-migrant-workers-mahachai/