BREAKING
September 21, 2024

တနင်္သာရီတိုင်း ရေဘေးအလှူအဖွဲ့ ရမည်းသင်းမြို့နယ်တွင် သွားရောက်လှူဒါန်းမည်

September 19, 2024

ပုံစာ - တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ပရဟိတအသင်း ရေးဘေးအလှူခံဌာန

တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအသင်းများအမည်ဖြင့် ဖွဲ့စည်းထားသည့် ရေဘေးအလှူအဖွဲ့သည် စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းကစပြီး ထားဝယ်မြို့မှ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်သို့ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ယခုထွက်ခွာမည့် ရေဘေးအလှူရှင်အဖွဲ့ကို ထားဝယ်အခြေပြု တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးပရဟိတအသင်း၊ ရင်ခုန်သံ အရေးပေါ်ကယ်ဆယ်ရေးနှင့် သွေးလှူရှင်အဖွဲ့၊ ဘိုးဘွားရိပ်သာပရဟိတအဖွဲ့၊ ဒါနကြည်ဖြူ ဟိဇ္ဇဲပရဟိတအဖွဲ့ နှင့် အခြားပရဟိတ သွေးလှူရှင် အသင်းအဖွဲ့များ ပူးပေါင်းထားခြင်းဖြစ်ကြောင့် အဖွဲ့ဦးဆောင်သူများက ပြောသည်။

အဆိုပါအဖွဲ့သည် စက်တင်ဘာလ ၂၀ရက် မနက်ဖြန် နံနက် ၅ နာရီခန့်ကစပြီး မော်တော်ယာဉ် ခြောက်စီးခန့်ဖြင့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းရှေ့ ဘုရားကြီးတိုက်ကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ် ကယ်ဆယ်ရေး ပရဟိတအသင်းများ ရေဘေးအလှူရှင်အဖွဲ့ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ဆိုသည်။

“ကျွန်တော်တို့မှာ အဝတ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများပါမယ်” ဟုဦးနိုင်မျိုးသွင်က ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ညပိုင်းမိုးရွာသွန်းမှုကြောင့် ရေကြီး မြေပြိုပြီး ရွာလုံးကျွတ်နီးပါး ထိခိုက်ခဲ့သည့် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာကို ထွက်ခွာမည်ဖြစ်ကြောင်း အထက်ပါ ရေဘေးအလှူရှင်အဖွဲ့ထံမှ သိရသည်။

“ဒါကတော့ ပထမအကြိမ်ပေါ့နော်။ ပထမအကြိမ်အတွက် ဒီနေ့ညနေအထိ အလှူခံဌာနဖွင့်ထားပါတယ်။ ကျေးရွာတွေက လှူဖို့ ဆက်သွယ်ထားတာတွေလည်းရှိတော့ နောက်ထပ်လာလှူတဲ့ အလှူပစ္စည်းတွေကို ဒုတိယအကြိမ်အဖြစ်နဲ့ သွားလှူ ပေးသွားပါမယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ထို့ကြောင့် လိုက်ပါကြမည့်ပရဟိတအသင်းများနှင့် စေတနာရှင်အလှူရှင်များ စက်တင်ဘာလ ၂၀ ရက် နံနက် ၅ နာရီ အချိန် တွင် ထားဝယ်မြို့ ဘုရားကြီးတိုက်ကျောင်းသို့ လာရောက်ပေးကြပါရန်လည်း ရေဘေးအလှူရှင်အဖွဲ့က နှိုးဆော်ထားသည်။

တနင်္သာရီတိုင်း အရေးပေါ် ကယ်ဆယ်ရေးပရဟိတအသင်း ရေဘေးအလှူခံဌာနသည် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအနီး ဘုရားကြီးတိုက်ကျောင်းတွင် ဖွင့်လှစ်ထားပြီး ရေဘေးအလှူအတွက် ဖုန်းနံပါတ် ၀၉၄၄၄၅၉၅၄၆၄ သို့ လည်းဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ရင်ခုန်သံ အရေးပေါ်ကယ်ဆယ်ရေးနှင့် သွေးလှူရှင်အဖွဲ့၏ ရေဘေးအလှူခံဌာနသည် ထားဝယ်မြို့၊ အိမ်ရှေ့ ပြင် ရပ်ကွက် ၊ မီးပွိုင့်လမ်းဆုံတွင် စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး အလှူခံဌာန ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရေဘေးအလှူအတွက် ဖုန်းနံပါတ် ၀၉၄၂၂၂၂၅၄၂၇၊ ၀၉၄၂၂၂၀၂၁၅၂ ဖုန်းများသို့ လည်းဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ငါးရက်ခန့်အတွင်း အလှူရှင်များ၏ လှူဒါန်းပါဝင်မှု ငွေကျပ် သိန်းပေါင်း ၂၀၀ ထက် မနည်းရှိသည့် အဝတ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့်ပစ္စည်းများ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ထားဝယ်မြို့ ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ကလည်း စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး ရေဘေးအတွက်အလှူခံဌာနဖွင့်လှစ်ထားရှိကာ ဖုန်း ၀၉ ၂၅၁၁၄၂၁၅၅ သို့လည်း ရေဘေးအတွက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။