BREAKING
September 19, 2024

စစ်ကောင်စီနှင့် စာချုပ်အသစ်ချုပ်ပြီးနောက် ထားဝယ်လျှပ်စစ်မီတာခ လစဉ်နီးပါးဈေးတက်

September 19, 2024

Photo - Petro & trans

ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီနှင့် တနင်္သာရီတိုင်း စစ်ကောင်စီတို့ စာချုပ်အသစ် ချုပ်ဆိုပြီးနောက်ပိုင်း လျှပ်စစ်မီတာခဈေးနှုန်းမှာ လစဉ်နီးပါးမြင့်တက်လာသည်။

တနင်္သာရီတိုင်း စစ်ကောင်စီနှင့် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း Petrol & Trans ကုမ္ပဏီတို့သည် ပြီးခဲ့သည့် မတ်လ ၆ရက်နေ့က သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြသည်။

အဆိုပါစာချုပ်ချုပ်ဆိုသည့်လမတိုင်မီ ဖေဖော်ဝါရီလ၏ ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား တစ်ယူနစ်ဈေးနှုန်းမှာ ၄၁၈ ကျပ်ရှိခဲ့သည်။

စာချုပ်ချုပ်ဆိုသည့် မတ်လထဲတွင် တစ်ယူနစ်ကို ခုနစ်ကျပ်ဈေးတက်သွားခဲ့ပြီး တစ်ယူနစ်လျှင် ၄၂၅ ကျပ်ဖြစ်လာခဲ့သည်။

ထိုအချိန်မှစပြီး လစဉ်နီးပါးဈေးမြင့်တက်လာကာ ဧပြီလတွင် ၄၄၀ ကျပ်၊ မေလတွင် ၄၅၀ ကျပ်၊ ဇွန်လနှင့်ဇူလိုင်လတွင် ၄၆၅ ကျပ်သို့ မြင့်တက်ခဲ့သည်။

ဩဂုတ်လတွင်မူ ၅၈၂ ကျပ်သို့ ခုန်တက်သွားခဲ့သည်။

သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း မတ်လမှ ဩဂုတ်လအထိ ခြောက်လတာအတွင်း ငါးကြိမ် စျေးတက်ခဲ့ပြီး ဈေးမတက်သည့်လဆို၍ တစ်လသာရှိခဲ့သည်။

အဆိုပါ ခြောက်လအတွင်း ကွာဟာမှုမှာ တစ်ယူနစ်လျှင် ၁၆၄ ကျပ်ဖြစ်သည်။

ထိုသို့လျှပ်စစ်ယူနစ်ဈေး ဆက်တိုက်မြင့်တက်လာခြင်းကြောင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲလာနေကြရကြောင်း ဒေသခံအချို့က ဆိုသည်။

“ရေခဲသေတ္တာဆို မသုံးဘဲ ပိတ်ထားလိုက်တယ်။ သူကျတော့ မိုးတွင်းထဲမှာ သိပ်သုံးစရာမလိုဘူးလေ။ မီတာခတွေက ဈေးတက်နေတော့ အဲဒီလိုပဲချွေတာသုံးနေရတယ်” ဟု လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

ဥပမာအားဖြင့် တစ်လလျှင် ပုံမှန် လျှပ်စစ်ယူနစ် ၁၀၀ သုံးစွဲနေသူတစ်ဦးလျှင် ၁၆၄၀၀ ကျပ် အပိုကုန်ကျနေခြင်းဖြစ်သည်။

လျှပ်စစ်မီးကို အဓိကအားထားနေရသည့် လုပ်ငန်းများတွင်မူ ပိုမိုထိခိုက်လျှက်ရှိကြသည်။

“အရင်လ တစ်ယူနစ်ကို (ကျပ်) ၄၀၀ ကျော်နဲ့တောင် အနည်းဆုံး (ကျပ်) သုံးလေးသိန်းကတော့ လတိုင်းထိတယ်။ အခုက (ကျပ်) ၅၀၀ ကျော်သွားပြီဆိုတော့ တစ်လငါးသိန်းကတော့ ပြေးမလွတ်တော့ဘူး” ဟု အလူမီနီယံလုပ်ငန်း လုပ်ကိုင်နေသူ ကိုခင်မောင်က ပြောဆိုသည်။

အခြားသွင်းအားစုများ ဈေးမြင့်တက်နေချိန် လျှပ်စစ်ဓာတ်အားခပါ ဈေးမြင့်တက်လာသဖြင့် တွက်ခြေ မကိုက် ဖြစ်လာကြောင်း အသားစားကြက်မွေးမြူနေသူတစ်ဦးက ဆိုသည်။

“မီးပြတ်တဲ့အချိန်ဆိုရင် ကိုယ်ပိုင်မီးစက်နဲ့ မောင်းတာကလည်း ဓာတ်ဆီဈေးက ကြီးရတဲ့ကြားထဲ အခုမီတာဈေးပါ ထပ်တက်လာတာဆိုတော့ လုပ်စားရတာ မချောင်တော့ဘူး။ ဒီကြားထဲက ကြက်ဈေးကလည်း မကောင်းပြန်ဘူး” ဟု ၎င်းက ညည်းတွားပြောဆိုသည်။

လျှပ်စစ်ကုမ္ပဏီနှင့် တိုင်းစစ်ကောင်စီတို့ စာချုပ်သက်တမ်းတိုးချုပ်ဆိုပြီးနောက်ပိုင်း မတ်လမှ ဇူလိုင်လအထိမူ မီတာခမှာ ကျပ်ဆယ်ဂဏန်းသာမြင့်တက်လေ့ရှိသည်။

ယခုဩဂုတ်လတွင်မူ ကျပ်ရာဂဏန်း (၁၁၇ ကျပ်) အထိ ရုတ်တရက် မြင့်တက်သွားခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် မီတာခ ၁၁၇ ကျပ်သို့ ရုတ်တရက်မြင့်တက်သွားကြောင်း ကုမ္ပဏီဘက်သို့ မေးမြန်း၍ မရသေးပေ။

ကုမ္ပဏီနှင့် စစ်ကောင်စီတို့ သက်တမ်းတိုးစာချုပ်ထဲတွင်လည်း မီတာယူနစ်ဈေးနှုန်းကို မည်သို့သတ်မှတ်ထားသည်ကို အများပြည်သူကို ထုတ်ပြန်အသိပေးထားခြင်း မရှိသေးပေ။

NLD အစိုးရလက်ထက်ကမူ တင်ဒါအောင်ဈေးနှုန်းမှာ တစ်ယူနစ်လျှင် ၂၃၀ ကျပ်ဖြစ်ကြောင်း အများပြည်သူကို တရားဝင်အသိပေးပြီးမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးစေခဲ့သည်။

စစ်ကောင်စီဝန်ကြီးတစ်ဦးကမူ ထားဝယ်ခရိုင် လျှပ်စစ်မီတာခဈေးနှုန်းမှာ တစ်သမတ်တည်း သတ်မှတ်ထားခြင်းမရှိဘဲ ‌စက်သုံးဆီဈေးအတက်အကျပေါ်မူတည်ကြောင်း Dawei Watch သို့ ၂၀၂၂ ခုနှစ်က ပြောဆိုခဲ့ဖူးသည်။

အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၏ ထားဝယ်ခရိုင်လျှပ်စစ်မီတာ တစ်ယူနစ်ဈေးနှုန်းမှာ ၂၁၀ ကျပ်သာရှိသေးသည်။

အာဏာသိမ်းပြီး သုံးနှစ်နှင့် ခြောက်လအကြာတွင်မူ ၅၈၂ ကျပ်ဖြစ်လာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မီတာတစ်ယူနစ်လျှင် ၃၇၂ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။