BREAKING
September 21, 2024

NUGနှင့် ပူးပေါင်းခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်ခြင်း မလုပ်ဟု ကိုးကန့်တပ်ထုတ်ပြန်

September 19, 2024

အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ကိုးကန့်တပ် (MNDAA) က သဘောထား ထုတ်ပြန်သည်။

ယင်းသို့ တိုက်ခိုက်ခြင်းမလုပ်သော်လည်း မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက် ကိုင်စွဲမည်ဟုဆိုသည်။

စက်တင်ဘာလ ၄ ရက်က အဆိုပါသဘောထား ထုတ်ပြန်ချက်ကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီး အချိန်အနည်းငယ်အတွင်း ပြန်လည်ဖြုတ်ချခဲ့သည်။

ယင်းနောက် သီတင်းနှစ်ပတ်ခန့်အကြာ စက်တင်ဘာလ ၁၈ ရက်တွင် အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ပြန်လည်ထုတ်ပြန်ခြင်းဖြစ်သည်။

ကိုးကန့်တပ်အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ နိုင်ငံသစ်ထူထောင်ခြင်းတို့ လုံးဝ လုပ်မည် မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကန့်တပ်၏ ယင်းထုတ်ပြန်ချက်အပေါ် တော်လှန်ရေးတွင် ပါဝင်နေသူများနှင့် ပြည်သူအများက ဝေဖန်မှုများရှိခဲ့ပြီး ယင်းလုပ်ဆောင်မှုအပေါ် ကန့်ကွက်မှုများလည်း ရှိနေသည်။

ယင်းအပြင် တစ်ရက်ထက် တစ်ရက် ဆိုးဝါးနေသည့် မြန်မာနိုင်ငံအခြေအနေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန်လည်း ကိုးကန့်တပ်က မေတ္တာရပ်ခံထားသည်။

၁၀၂၇ စစ်ဆင်ရေးနှင့် တစ်ကျော့ပြန်စစ်ဆင်ရေးတို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိသည့် လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ရှိ လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီ၊ ဟိုပန်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) ၊ ကုန်းကြမ်းမြို့တို့ကို MNDAA က သိမ်းယူနိုင်ခဲ့သည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်ဆိုင်းရေး တရုတ်က ကြိုးပမ်းနေကြောင်း ပြောဆိုထားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ ဩဂုတ်လအတွင်းက လာရောက်ပြီးနောက်တွင် တိုက်ပွဲရပ်ဆိုင်းရေး တရုတ်ဘက် ဖိအားပေးမှုများ ရှိလာသည်။

တရုတ်ကပေးပို့သည်ဆိုသော တအာင်းတပ် TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းရန် ညွှန်ကြားသည့်စာ ဩဂုတ်လ ၂၉ရက်တွင် ထွက်ပေါ်ခဲ့သေးသည်။