BREAKING
September 21, 2024

တနင်္သာရီတိုင်းအပါအဝင် ဒေသအချို့ မိုးကြီးပြီး ရေကြီး မြေပြိုနိုင်

September 19, 2024

ပုံစာ - ဩဂုတ်လ ၁ ရက် တနင်္သာရီမြို့ ရေကြီးနစ်မြှုပ်နေစဉ်။ ဓာတ်ပုံ - ကြက်ခြေနီ

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် ဒေသအချို့တွင် မိုးကြီးခြင်း၊ ရေကြီး၊ ရေလျှံခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဌာနတို့က ထုတ်ပြန်ထားသည်။

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ ‌၂၀ ရက်နောက်ပိုင်း မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသတို့တွင် မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေနိမ့်ဒေသများ ရေလွှမ်မိုးခံရခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သတိပေးထားသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွင် ရှမ်း၊ စစ်ကိုင်း စသည့်ဒေသများပါဝင်ပြီး အရှေ့တောင်ပိုင်းဒေသတွင်မူ၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့ပါဝင်သည်။

ယင်းအပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စက်တင်ဘာလ ၂၁ ရက် မှ ၂၅ ရက်အတွင်း တနင်္သာရီတိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်လာနိုင်ကြောင်း အထူး‌မိုးလေဝသသတင်းအနေဖြင့် ထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် စက်တင်ဘာလ ၂၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသဌာနတို့က ခန့်မှန်းထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင်မူ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းသို့ ဖြတ်သန်း ဝင်ရောက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။

မုန်တိုင်းငယ်၏ အကြွင်းကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းများသည် မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးနောက် ကပ္ပလီ ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ထဲတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးပြီး အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အထက်ဖော်ပြပါ ‌မိုးကြီးခြင်း၊ ရေလွှမ်မိုးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်လာနိုင်ခြင်းဖြစ်ကြောင်း မိုးလေဝသဌာနတို့က ထုန်ပြန်ထားခြင်းဖြစ်သည်။

စက်တင်ဘာလ အစောပိုင်းက တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားကြီးတိုင်ဖွန်မုန်တိုင်း ယာဂိအရှိန်ကြောင့် ရှမ်း၊ ကရင်နီ၊ ချင်း၊ ကရင်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသတို့တွင် ရေကြီးမှု ဆိုးဆိုးရွားရွား ကြုံတွေ့ရကာ ထိခိုက်ပျက်စီမှုလည်း များပြားခဲ့သည်။

အဆိုပါဒေသတို့တွင် ရေလွှမ်မိုးမှုကြောင့် လူဦးရေ‌ ခုနစ်‌သိန်းခန့် ထိခိုက်ခဲ့ပြီး သေဆုံး၊ ပျောက်ဆုံးနေသူလည်း ထောင်ချီရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။