BREAKING
September 20, 2024

ရေးတွင် မီတာခဈေးထပ်တက်ပြီး တစ်ယူနစ် ၁၈၀ဝကျပ်ဖြစ်လာ

September 19, 2023

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း စက်တင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၅ဝကျပ် ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခတစ်ယူနစ်လျှင် ၁၈၀၀ ကျပ်အထိ ဖြစ်လာမည်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က မီတာခတစ်ယူနစ် ၁၅၅၀ ကျပ် ကောက်ခံနေရာမှ ၁၈၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက စက်တင်ဘာလ တတိယအပတ်အတွင်းက ကြေညာထားသည်။

စက်သုံးဆီဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်ဟုဆိုသည်။

အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာတစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ ကြားသာရှိပြီး အာဏာသိမ်း ပြီးနောက် တစ်ယူနစ် ကျပ် ၉၀၀ မှ ၁၂၀၀၊ ယင်းနောက် ၁၃၅၀ ကျပ်၊ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ၁၅၅၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့ရာမှ ယခုထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။

“မီတာခကတော့ ပြောမနေပါနဲ့တော့ အတက်ချည်းပဲ။ ကျတယ်ဆိုတာ မရှိဘူး။ တစ်ယူနစ် သုံး/လေးရာကနေ အခုဆို ၁၈၀၀ ဖြစ်လာတယ်။ ဈေးတက်တော့ ချွေတာပြီး သုံးရတာပေါ့။ အခုက ချွေတာသုံး ချွေတာစား အကုန်လုံး ချွေတာနေရတာ။ မဟုတ်ရင် ငတ်မှာ” ဟု ရေးမြောက်ပိုင်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မီတာခဈေးတက်သည့်အပြင် မီးစက်ကြီးများအတွက် စက်သုံးဆီ ဝယ်ယူရန် အခက်အခဲရှိသည့်အတွက် ၂၄ နာရီ မီးပေးနေခြင်းအစား ညပိုင်း သို့မဟုတ် အချိန်ပိုင်း မီးပေးမှုစနစ်ပြောင်းလဲသွားရန် ရှိသည်ဟုလည်း မီးလင်းရေးကော်မတီက ကြေညာထားသည်။

လျှပ်စစ်မီတာခ မြင့်တက်လာသည့်အပြင် လျှပ်စစ်မီးအလုံအလောက်မရသလို စက်သုံးဆီ ဝယ်မရ ဖြစ်လာသည့် အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရပြီး တချို့ လုပ်ငန်းရပ်နားထားရသည်လည်း ရှိလာခဲ့ကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

“သာမာန်အိမ်သုံးတွေကတော့ ပြဿနာမဟုတ်ဘူး။ ဈေးကြီးရင် မသုံးပဲ နေလို့ရတယ်။ လုပ်ငန်းတွေအတွက်က မရဘူး။ ဈေးကြီးလည်း လုပ်ရတယ်။ မကိုက်ဘူး အဆင်မပြေဘူးဆိုရင် ရပ်လိုက်ရုံပဲရှိတယ်” ဟု ရေးမြို့က လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးနေကြရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုရှိပြီး ရေးမြောက်ပိုင်းဒေသတွင်းက ကျေးရွာများကို SMD ကုမ္ပဏီက ဖြန့်ဖြူးနေကာ ရေးတောင်ပိုင်းဒေသတွင်းရှိ ရပ်ကွက်ကျေးရွာများကို မြတ်သူရထွန်းကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးပေးနေသည်။

ပုဂ္ဂလိကကုမ္ပဏီတို့မှ ဖြန့်ဖြူးသည့်လျှပ်စစ်မီး မရောက်သည့် ကျေးရွာတို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေသည်။

ကိုယ်ထူကိုယ်ထဖြင့် ဖြန့်ဖြူးသည့် လျှပ်စစ်မီးလည်း တစ်ယူနစ် ကျပ် ၁၅၀၀ နှင့် ၂၀၀၀ ကြား ကောက်ခံနေကြောင်း သုံးစွဲသူတို့၏ ပြောပြချက်အရ သိရသည်။