BREAKING
January 19, 2025

လောင်းလုံး ရေဖြူရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်

September 19, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါအမျိုးသားနှစ်ဦးကို ဂေါ့အင်းရွာရှိ နာရေးကူညီမှုရုံးခန်းအနီး တပ်စွဲထားသည့် စစ်သားများက တားဆီးရာ ဆိုင်ကယ်ရပ်မပေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ရာ သေနတ်ထိမှန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဂေါ့အင်းကျေးရွာမှာ လောင်းလုံးမြို့၏ တောင်ဘက် တွင် တည်ရှိပြီး စစ်တပ်များ တပ်စွဲကာ အပြင်းအထန် ကြပ်မတ်နေသော အောက်ရေဖြူကျေးရွာနှင့် ကပ်လျက် တည်ရှိသည်။

“(နာရေးကူညီမှုရုံးခန်းအနီးက) ညောင်ပင်အောက်မှာ စစ်နေတာက နှစ်နေရာရှိတယ်။ ပထမဆုံး သေနတ်ကို အပေါ်ကိုမြှောက်ပြီးပစ်တယ်။ ပြီးတာနဲ့ အနောက်ကနေလိုက်ပစ်တာ။ ဓာတ်မီးတိုင်ကိုလဲထိတယ်။ ဆိုင်ကယ်စီးလာတဲ့သူမှာလည်း ထိသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်အနောက်မှ ထိုင်လိုက်လာသူတွင် သေနတ်ထိမှန်ပြီးနောက် အနီးနားရှိ ရေဖြူတံတားအရောက်တွင် ဆိုင်ကယ်လဲကျသွားသည်ဟုဆိုသည်။

အနီးနားရှိ ဒေသခံတို့က ရေဖြူနာရေးကူညီမှုအသင်းအား ဆက်သွယ်ပြီး သေနတ်ဒဏ်ရာရသူကို ဆေးရုံပို့ပေးခဲ့သည်ဟုဆိုသည်။ ဆိုင်ကယ်မောင်းသူမှာ အဖမ်းခံလိုက်ရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် သေနတ်ထိမှန်ရသူမှာ လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာနေသူ အသက် ၂၀ ဝန်းကျင်အရွယ် မောင်မျိုးဟိန်းကို ဖြစ်ကြောင်းသိရသည်။

သေနတ်ထိမှန်သူတွင် သေနတ်ဒဏ်ရာနှစ်ချက်ရရှိပြီး ယခု အခါ ထားဝယ်မြို့ပေါ် စစ်တပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဆွေမျိုးတော် စပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ပုံမှန်ထွက်နေသော အောက်ရေဖြူကျေးရွာနှင့် အနီးတစ်ဝိုက်တွင် စစ်တပ်က စစ်ဆေးမှု တင်းကြပ်နေသည်။ ယင်းကျေးရွာအုပ်စုတွင် စက်တင်ဘာ ၁၇ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်မောင်းလာသော အသက် ၁၆ နှစ် အရွယ် ကလေးငယ်တစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သေးသည်။