BREAKING
January 15, 2025

လက်နက်ကြီးပစ်ခတ်ခံနေရသဖြင့် လောင်းလုံး သဘော့ဆိပ်နှင့် ပြင်ကြီး ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့

August 19, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာအုပ်စုက ဒေသခံများ ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက် စောစောပိုင်းမှစတင်ပြီး ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့နေကြကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၈ ရက် မွန်းတည့်ပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“(ဩဂုတ် ၁၈ရက်) နေ့လယ်ပိုင်းမှာ လက်နက်ကြီး နှစ်လုံးပစ်တယ်။ ညက ၇နာရီလောက်မှာ သုံးလုံး၊ ဆယ်နာရီလောက်မှာ တစ်လုံးပစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် သဘော့ဆိပ်ရွာအုပ်စု ပြင်ကြီးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် လေးလုံး အနည်းငယ်ပျက်စီးကာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး မူးမေ့လဲကျကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“(ပေါက်ကွဲတာ) ကြမ်းတာက တော်တော်ကြမ်း။ ကျွန်မတို့ မိသားစုတွေ ဝိုင်းဖွဲ့စကားပြောနေတုန်းပစ်တာ” ဟု ၎င်းက ပြောသည်။

သဲပုံတောင်စစ်ကောင်စီတပ်စခန်းနှင့် သဘော့ဆိပ်ရွာ အနောက်ဘက် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ သင်္ဘောများက ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ကြောင့် သဘော့ဆိပ်ရွာနှင့် ပြင်ကြီးရွာက ဒေသခံများ ယနေ့ နံနက်ကစပြီး ကား၊ သုံးဘီး၊ ဆိုက်ကယ်များဖြင့် နီးစပ်ရာသို့ ပြောင်းရွှေ့ နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက် ညနေပိုင်းက လောင်းလုံးမြို့နယ် မောင်းမကန်နှင့် ထားဝယ်မြို့ပေါ် တွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သေးသည်။

စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် မောင်းမကန်ရဲစခန်းနှင့် ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်ကို ပြည်သူ့ ကာကွယ်ရေးတပ်များက တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် ညနေ ၄နာရီမှ ည ၈နာရီအထိ စစ်ကောင်စီ၏ သဲပုံတောင်ယာယီစခန်း၊ လောင်းလုံးမြို့နယ် အခြေစိုက် ခလရ ၁၀၄၊ မောင်းမကန်ကမ်းခြေအနီးကင်းလှည့်နေသည့် ရေတပ်စစ်သင်္ဘောတို့က မောင်းမကန် ရဲစခန်းအနီး တစ်ဝိုက်နှင့် ထိန်တွင်းရွာအနီးအနားတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ယခုလ ၁၂ ရက်နေကလည်း စစ်ကောင်စီ၏ရေတပ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်သုံးလုံး သဘော့ဆိပ်ရွာ အရှေ့ဘက် တောတန်းတွင် ကျရောက်ပေါက်ကွဲခဲ့သေးသည်။