BREAKING
January 15, 2025

မြိတ်တွင် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်

August 19, 2024

ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မြိတ်တွင် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်နေကြောင်း ဆေးဆိုင်များနှင့် မြို့ခံအချို့ထံမှ သိရသည်။

ထိုင်းဘတ်နှင့် ဒေါ်လာငွေလဲနှုန်း ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ဆေးဝါး အများစု၏ ဈေးနှုန်းလည်း အနည်းဆုံး နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားပြီး ဆေးဝါးအချို့မှာ ရှစ်ဆခန့်အထိ ဈေးတက်သွားကြောင်း ဆေးဆိုင်ပိုင်ရှင် အချို့က ပြောသည်။

Amino Acid ပါဝင်သည့် အားဆေးအပါအဝင် အားဆေးအမျိုးအစားအချို့မှာ ပြီးခဲ့သည့်နှစ်လခန့်က တစ်ဘူးလျှင် ကျပ်တစ်သောင်းကျော်မှ လက်ရှိတွင် ကျပ်ရှစ်သောင်းကျော်အထိ ဈေးတက်သွားကြောင်း မြိတ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင်ရှင်တစ်ဦးက ဆိုသည်။

“ဆေးဆိုင်တွေ အခြေအနေက တော်တော်ဆိုးတယ်။ ရောင်းပြီး ပြန်စိုက်ရောင်းရတဲ့ အရှုံးခံအခြေအနေအထိ ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

လတ်တလော ကျပ်ငွေတန်ဖိုးထိုးကျသွားသည့် ဇူလိုင်လကုန်ခန့်မှစတင်ကာ ဆေးဝါးဈေးများ အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

အစာအိမ်ရောဂါပျောက်ဆေး၊ ဆီးချိုဆေးနှင့် သွေးတိုးကျ ဆေးကဲ့သို့ ဆေးဝါးများအပါအဝင် အားဆေး၊ ဇီဝပိုးသတ်ဆေး၊ ပါရာစီတမောကဲ့သို့ ဆေးဝါးများလည်း ဈေးတက်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် မြိတ်မြို့ရှိဆေးဆိုင်များတွင်လည်း ဆေးဝါးအချို့ ပြတ်လပ်နေကြောင်း ဆေးဆိုင်ပိုင်ရှင်တို့က ပြောဆိုသည်။

ဆေးဝါးကုမ္ပဏီများက ဆေးကို လိုသလောက်ဝယ်မရခြင်းနှင့် ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးနေခြင်းကလည်း ဈေးကွက်အတွင်း ဆေးဝါးရှားလာပြီး ဈေးတက်လာခြင်းဖြစ်ကြောင်း အထက်ပါ ဆေးဆိုင်ပိုင်ရှင်က ဆိုသည်။

မြိတ်မြို့ရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမှာ သုံးလခန့်ရှိပြီဖြစ်ကြောင်း ဆေးဆိုင်တွင် လုပ်ကိုင်နေသူအချို့က ပြောသည်။

ထိုသို့ ဆေးဝါးပြတ်လပ်လေ့ရှိသဖြင့် လိုအပ်သည့် မူရင်းဆေးနှင့် ကုမ္ပဏီ၊ အမှတ်တံဆိပ်မတူဘဲ ဈေးနှုန်းသင့်တင့်သည့် အမျိုးအစားတူဆေးများကိုသာ ပြတ်လပ်မှုမရှိစေရန် တင်သွင်းရောင်းချနေကြကြောင်း ၎င်းတို့က ဆိုသည်။

Omeprazole for injection အမျိုးအစားကဲ့သို့ အစာအိမ်ရောဂါအတွက် သုံးသည့် ထိုးဆေးလည်း ဈေးတက်လာပြီး ဇွန်လက တစ်ဘူးလျှင် ၂၅၀၀ ကျပ်သာရှိရာမှ ဩဂုတ်လတွင် ကျပ် ၄၀၀၀ အထိဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် သုံးစွဲနေကျ ဆေးပုံစံအတိုင်းမရတော့ဘဲ အမှတ်တံဆိပ်မတူသည့် ဆေးကိုသာရတော့ ကြောင်း အစာအိမ်ရောဂါခံစားနေရသည့် မြိတ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မရှိဆင်းရဲသားတွေ အတွက်ကတော့ စားဝတ်နေရေးတောင် မပြေလည်ဖြစ်နေကြတာ။ သူတို့အနေနဲ့ ငွေကြေး အခက်အခဲကြောင့်မကုနိုင်ဘဲ ရောဂါမွေးထားသလိုဖြစ်ပြီး ပိုပြီးခက်ခဲမှုတွေဖြစ်လာနိုင်တယ်” ဟု အဆိုပါ မြို့ခံအမျိုးသမီးက ပြောသည်။

ဩဂုတ်လ ပထမအပတ်မှစကာ ကျပ်ငွေတန်ဖိုး ထိုးကျသွားခြင်းကြောင့် ထိုင်းငွေတစ်ဘတ်လျှင် ကျပ်နှစ်ရာနီးပါးနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။