BREAKING
October 18, 2024

ဖူးခက်တွင် ဆယ်ကျော်သက်မြန်မာမိန်းကလေးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

August 19, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် ကားပေါ်တွင် လိုက်ပါလာသော အသက် ၁၅နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး ဩဂုတ်လ ၁၈ ရက် မနက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အခင်းဖြစ်သော နံနက် ၁ နာရီခွဲခန့်က တိုယိုတာပစ်ကပ်ကားကို ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာပြီး မြန်မာ မိန်းကလေးသည် ကားအရှေ့ခန်းတွင် လိုက်ပါလာသော နောက်ထပ်ထိုင်းနိုင်ငံသားတစ်ဦး၏ ပေါင်ပေါ်တွင် ထိုင်၍ လိုက်လာခဲ့ကြောင်း ဆိုသည်။

၎င်းတို့အုပ်စုသည် ပါတွန်မှတစ်ဆင့် ဖူးခက်မြို့အတွင်းသို့ သွားနေစဉ် လမ်းပိုင်းအရောက်တွင် လူနှစ်ယောက်ပါလာသော ဆိုင်ကယ်တစ်စီးက နောက်ကလိုက်လာပြီး ကားအရှေ့ခန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားသည် မီးပွိုင့်တွင် ရပ်နေစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် တစ်ဦးက ဆင်းလာ၍ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးရှိ မျက်မြင်သက်သေတစ်ဦးကလည်း ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဆိုင်ကယ်ပေါ်ပြန်တက်၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုထားသည်။

ကျည်ဆံသည် မြန်မာမိန်းကလေး၏ ခေါင်းသို့ ထိမှန်ပြီး ဒဏ်ရာရခဲ့သဖြင့် ဆေးရုံသို့ ပို့နေစဉ် လမ်းတွင်ပင် သေဆုံးသွားကြောင်း သတင်းများတွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးနေဆဲဖြစ်ပြီး ဆိုင်ကယ်စီးလာသော သေနတ်သမားများကိုလည်း ခြေရာခံ စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thaiger, Phuket News, Khaosod