BREAKING
January 15, 2025

သရက်ချောင်းက အမျိုးသမီးနှစ်ဦးကို သတိပေးခံရ၊ စွပ်စွဲချက်ကို ကာယကံရှင်ငြင်း

August 19, 2023

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာက အမျိုးသမီးနှစ်ဦးသည် စစ်ကောင်စီသတင်းပေးလုပ်နေသည်ဟုဆိုကာ ဩဂုတ်လ ၁၈ရက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သတိပေးထားသည်ကို တွေ့ရသည်။

မမီးချောနှင့် မဇင်မာသက်တို့သည့် စစ်ကောင်စီသတင်းပေးနေသူများဖြစ်ပြီး လက်ညိုးထိုးမှုကြောင့် ပိန်းတောရွာက ဒေသခံအချို့ဖမ်းဆီးခံရတာတွေရှိကြောင်း သတိပေးစာတွင် ရေးသားထားသည်။

အဆိုပါ သတိပေးစာအပေါ်တွင် ကျည်နှစ်တောင့်နှင့် ပစ်စတိုသေနတ်တစ်လက်တင်ထားသည့် ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့က လူမှုကွန်ရက်တွင် ပို့စ်တင်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ကို သတင်းပေးနေတာကြောင့် သတိပေးရခြင်းဖြစ်ကြောင်း စာတွင် ရေးသားထားသည်။

“အဲ့ဒီကိစ္စကို လိုက်နေတဲ့ မြေပြင်က ရဲဘော်တော်တော်များများသိတယ်။ မိန်းမသားတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဘက်က သတိပေးရခြင်းဖြစ်တယ်” ဟု အထက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးမှာ တော်လှန်ရေးအင်အားစုထဲက ရဲဘော်အချို့နှင့် ခင်မင်ရင်းနှီးကြသလို တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ကို သတင်းပေးနေကြောင်း ၎င်းက ပြောဆိုသည်။

၎င်းတို့နှစ်ဦးသည် မိန်းမသားများဖြစ်သည့်အတွက် နောင်ဆက်မလုပ်ရန် သတိပေးခြင်းသာဖြစ်ကြောင်း အထက်ပါ ရဲဘော်က ဆက်လက်ပြောဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် မဇင်မာသက်ကမူ ၎င်းသည် စစ်ကောင်စီတပ်၊ ရဲတို့နှင့် ပတ်သက်မှု မရှိကြောင်း ပြောသည်။

“မနေ့က ထိုင်းက ကျွန်မအကိုတွေက စာတင်ထားတာကို လာပြမှသိရတာ။ ကိုယ်လည်း ဘာမှလုပ်နေတာမရှိဘဲ ဒီလိုစာနဲ့ သတိပေးခံရတာဆိုတော့ အံ့ဩနေတာပေါ့နော်။ သူတို့နဲ့ (PDF) မနက်က ဆက်သွယ်မေးမြန်းရာမှာတော့ (ဦးလေးတော်စပ်သူ) ဦးဝင်းဇော်ကို ရိက္ခာပို့နေလို့တဲ့။ ဦးလေးဖြစ်သူကို စားစရာသောက်စရာတွေ ပို့တာရှိတယ်။ သတိပေးစာထုတ်တဲ့အထိဖြစ်တဲ့အပေါ် အံ့ဩမိပါတယ်။ ပြီးတော့ ဝမ်းနည်းတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ပိန်းတောရွာသား ဦးလေးဖြစ်သူ ဦးဝင်းဇော်နှင့် ၄၀၃ တပ်ရင်းတွင် တာဝန်ထမ်းဆောင်သည့် မောင်ဖြစ်သူကိုလည်း ပြီးခဲ့သည့် ငါးလခန့်က ယခုကဲ့သို့ပင် ဓာတ်ပုံနှစ်ခုကို တွဲတင်ကာ သတိပေးဖူးကြောင်း မဇင်မာသက်က ပြောဆိုသည်။

ယင်းသို့ သတိပေးခံရပြီးနောက် ဦးဝင်းဇော်မှာ ရွာမှာမနေတော့ဘဲ မောင်ဖြစ်သူမှာလည်း စစ်ကောင်စီတပ်မှ ထွက်ကာ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးလေးဖြစ်သူကို စားစရာသောက်စရာတွေ ပို့သည့်ကိစ္စနှင့် မောင်ဖြစ်သူ စစ်သားဖြစ်နေသည်ဆိုသည့်အချက်ကြောင့် ယခုကဲ့သို့ သတိပေးခံရတာဖြစ်နိုင်ကြောင်း မဇင်မာသက်က ပြောသည်။

သတိပေးခံရသည့် မမီးချောဆိုသူမှာ မဇင်မာသက် အစ်ကို၏ဇနီးဖြစ်ကြောင်း ၎င်းက ဆိုသည်။  

လူမှုကွန်ရက်အပေါ် သတိပေးစာတင်ရာတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကမူ ဦးဝင်းဇော်သည် ပျူစောထီးတစ်ဦးဖြစ်ပြီး ထားဝယ်တွင် ရှောင်တိမ်းနေသူဖြစ်ကြောင်း ပြောဆိုသည်။