BREAKING
February 27, 2025

တိုက်ပွဲဖြစ်နိုင်သောကြောင့် မောတောင်နယ်စပ်လမ်း ညဖက်မသွားရန်သတိပေး

August 19, 2023

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မောတောင်လမ်းပိုင်းကို ညဖက် မသွားလာကြရန် ကော်သူးလေတပ်မတော် (KTLA-tcjf) က ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

ထုံခါ-မောတောင် လမ်းပိုင်းတွင် ည ၆ နာရီမှ နံက် ၆ နာရီအတွင်း သွားလာခြင်း မပြုရန်၊ ကားများ မှန်ချမောင်းနှင်ရန်၊ တာလပတ်ဖုံးအုပ်ထားခြင်း မပြုဘဲ ကားအတွင်းပိုင်းကို မြင်သာအောင်ထားရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်များနှင့် နီးကပ်စွာမသွားလာရန်၊ တော်လှန်ရေးအဖွဲ့များက စစ်ဆေးမှုကို ခံယူရန်လည်း ဖော်ပြသည်။

“ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံအောင် ဒီစာကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ကော်သူးလေတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အင်အားတရာနီးပါးရှိ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၇ ရက်က တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းရွာသို့ ရောက်ရှိ လာပြီး ယနေ့ နံနက်တွင် မောတောင်မြို့ဖက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲကတော့ မောတောင်လမ်းပိုင်းမှာ ထပ်ဖြစ်လာဖို့ အလားအလာရှိနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ထုံခါ-မောတောင်လမ်းပိုင်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။