ကွန်ပျူတာ၊ အင်တာနက်နှင့် ဉာဏ်ရည်တုကို တီထွင်ဖန်တီးနိုင်ခြင်းက ကမ္ဘာကြီး၏ ပစ္စုပ္ပန်နှင့် အနာဂတ် အတွက် ကြီးစွာသော ပြောင်းလဲတိုး တက်မှုများ ဖြစ်သည်။ ထောင်စုနှစ်ချီ မှတ်တမ်းတင်လာခဲ့သော လူသားသမိုင်းတစ်လျှောက် ၂၁ ရာစု၏ တိုးတက်မှုများက မည်သည့်ခေတ်အခါနှင့်မျှ နှိုင်းမရအောင် အံ့သြလောက်ဖွယ် ဖြစ်ပါသည်။
အင်တာနက်စနစ်ကြောင့် ကမ္ဘာ့အစွန်း တစ်ဖက်စီမှ လူသားအချင်းချင်း စက္ကန့်မခြား တွေ့မြင်ဆက်သွယ်နိုင်သလို ကုန်းရေလေလမ်းကြောင်းစုံတွင် ယာဉ်ရထား အမျိုးမျိုးက ဥဒဟို ကူးသန်းမောင်းနှင်၍ မိုင်ထောင်ချီခရီးအား နေ့မခြားဘဲ အရောက်သွားနိုင်စွမ်း ရှိလာခဲ့ သည်။
စင်စစ်အားဖြင့် လူသားတို့သည် လူသားတစ်ဦး၏ ကိုယ်ပွားကိုပင် ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်သည်။
များမကြာမီ အနာဂတ်တွင် လူ့ခန္ဓာကိုယ်ရှိ မည်သည့် အစိတ်အပိုင်းမဆို ချို့ယွင်းပျက်စီးခဲ့လျှင် ပြင်ပတွင် အလားတူ အစိတ်အပိုင်းတစ်ခု ဖန်တီး၍ အစားထိုးကာ လူ့သက်တမ်းအား ဆွဲဆန့်နိုင်ရန်ပင် ကြံဆောင်လျက် ရှိသည်။
သို့သော် ထိုသို့သော ဖွံ့ဖြိုးတိုး တက်မှုများ၏ ဘေးထွက်ဆိုးကျိုးက ကမ္ဘာကြီးအား ပြင်းပြင်းထန်ထန် ကိုင်လှုပ်ခဲ့ပါသည်။
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ပိုးသည် လူတို့ဖန်တီးသည့် ဖွံ့ဖြိုးတိုး တက်မှုများ၏ တိုက်ရိုက်ဆိုးကျိုး ဖြစ်သလို ပညာရှင်များ ကြိုတင်မှန်းဆခဲ့သော ကပ်ဘေးဆိုးလည်း ဖြစ်ပါသည်။ ကြိုတင်မျှော်တွေးခဲ့သော်လည်း အသင့် မပြင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကို ၂၀၂၀ ပြည့်နှစ်တွင် မျက်ဝါးထင်ထင် ကြုံနေကြရသည်။
သြဂုတ်လလယ်အထိ မှတ်တမ်းများအရ ကပ်ရောဂါ ကူးစက်ခံရသူ ၂၁ သန်းကျော်လာခဲ့ပြီး သေဆုံးသူ အရေအတွက်က ခုနစ်သိန်းကျော် ရှစ်သိန်းနီးပါး ရှိနေသည်။ သေဆုံးသူအရေအတွက် သန်းဂဏန်းသို့ မကြာမီရောက်သွား နိုင်ပါသည်။
စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် ကပ်ရောဂါ၏ ဘေးထွက်ဆိုးကျိုးအသွယ်သွယ်တို့အား အပြင်းအထန်ခံစားရသူက ကမ္ဘာနှင့်အဝန်းဖြစ်သလို လေကြောင်းကုမ္ပဏီများမှသည် တံငါသည်အထိ အလွှာစုံ ထိခိုက်မှု တန်ဖိုးက ဒေါ်လာ ဘီလီယံထောင်နှင့် ချီမည်ဟု တွက်ချက်ထားသည်။
ဂေဟစနစ် ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာမှ သုတေသီများသည် ကိုဗစ်-၁၉ ကဲ့သို့သော ကူးစက်မြန် ကပ်ရောဂါဆိုး ကျရောက်နိုင်ခြေကို ၂၁ ရာစု၏ အစပိုင်းနှစ်များကတည်းက ကြိုတင်တွက်ဆခဲ့ကြပြီး ဖြစ်သည်။
ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သော ကိုဗစ်-၁၉ သည် မိုးပေါ်ကကျသလို ရုတ်ချည်း ပေါ်လာခြင်း မဟုတ်ပါ။ ကိုဗစ်-၁၉ နှင့် သဏ္ဌာန်တူသော ကြက်ငှက်တုပ်ကွေး၊ ဆားစ်၊ မားစ် စသည့် ရောဂါဆန်းများမှသည် အီဗိုလာ ရောဂါပိုးအထိ ရှေ့ပြေး ပြဿနာများကို ဆက်တိုက်ကြုံနေနှင့်ပြီး ဖြစ်သည်။
ကူးစက်မြန် ကပ်ရောဂါဆိုးများ၏ အကြောင်းခံက မည်သည်တို့ ဖြစ်ပါသနည်း။
ဂေဟစနစ်၊ သိပ္ပံနှင့် ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် အသီးသီးတို့၏ တူညီသောကောက်ချက်မှာ ကမ္ဘာတစ် ဝန်းမှ သစ်တောများ အဆမတန် ပြုန်းတီးလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ အလျင်အမြန် မျိုးသုဉ်းနေခြင်း၊ တောရိုင်းတိရစ္ဆာန်များကို လူတို့ သတ်ဖြတ်စားသုံးခြင်း၊ ဝမ်းစာအတွက် မွေးမြူရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ခြင်းနှင့် ကပ်ရောဂါ သတိပေးချက်အား အာဏာပိုင်တို့က လျစ်လျူရှုခြင်းတို့သည် ကပ်ဘေးဆိုး၏ အကြောင်းခံများဟူ၍ ဖြစ်သည်။
ကပ်ရောဂါနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရခြင်းတွင် မတူညီသော အကြောင်းတရားများ ရှိနေသော်လည်း အနှစ်ချုပ်မှာ သစ်တောများ ပြုန်းတီးခြင်း၊ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် လူတို့ဝမ်းစာအတွက် ဧရာမ မွေးမြူရေး လုပ်ငန်းကြီးများ စသည်တို့က အခရာ ဖြစ်သည်။
ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းတို့က သဘာဝ တော တောင်ဆီသို့ လူတို့ကျူးကျော်မှု အစဖြစ်သည်။ တရုတ်နိုင်ငံကဲ့သို့ ကမ္ဘာ့လူဦးရေ အများဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးတိုင်းပြည်တွင် အထက်ပါ အကြောင်း တရားတို့ကို အထင်အရှား တွေ့နိုင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့် ကြည့်ကာကွယ်ရေး အဖွဲ့အစည်းအချို့၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်တွင် မိုးသစ်တော ဧရိယာပေါင်း ဟက်တာ ၁၂ သန်းခန့် ပြုန်းတီးခဲ့ပြီး ခြောက်စက္ကန့်လျှင် ဘောလုံးကွင်းတစ်ကွင်းစာ ပြုန်းတီးနေခြင်းဟု ဥပမာ ပေးခဲ့သည်။
နေထိုင်ရန်၊ စိုက်ပျိုးရန်နှင့် စား ကျက်မြေများအတွက် သစ်တောများအား စတေးကြသည့်အခါ သစ်တောနှင့်အတူ ယှဉ်တွဲတည်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများပါ တစ်ပါတည်း ပျက်သုဉ်းရသည်။ အချို့သော ဇီဝမျိုးစိတ်များက လူတို့၏ အစာအဟာရ ဖြစ်လာခြင်းကြောင့်လည်း အလျင်အမြန် ပြုန်းတီးလာရသည်။
သဘာဝနှင့် မတော်တဆ တောမီးလောင်ကျွမ်းခြင်းတို့ကြောင့်လည်း သစ်တောပြုန်းခြင်းများ ပိုကြုံလာရသည်။
သစ်တောများ ပျောက်ကွယ်သွားသည့်တိုင် သစ်တောအား အမှီပြုသည့် လင်းနို့၊ ကြွက် စသည့် သတ္တဝါအချို့က နေရာသစ်သို့ ပြောင်းရွှေ့ကာ ရှင်သန်ရပ်တည်နိုင်စွမ်း ရှိနေပြီး ၎င်းတို့ကပင် ကပ်ရောဂါ၏ အကြောင်းခံဖြစ်သော ပိုးမွှားများအား သယ်ဆောင်သူ ဖြစ်နေခဲ့သည်။
မတူကွဲပြားသည့် ကမ္ဘာ့နယ်မြေ ဒေသကြီး ခြောက်ခုရှိ ဂေဟအသိုက်အမြုံ ၆၈၀ဝ ကို လေ့လာချက်အရ လူသား ဖွံ့ဖြိုးတိုးတက်မှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်သုဉ်းမှုနှင့် ကူးစက်ရောဂါ ဖြစ်ပွားမှုတို့က အပြန်အလှန် ချိတ်ဆက်နေကြောင်း သက်သေထူခဲ့သည်။
“ဒီလို ကပ်ဘေးဆိုး ကြုံလာရနိုင်တယ်လို့ သတိပေးခဲ့တာ နှစ်ဆယ်ချီပါ ပြီ။ ဘယ်သူမှ အရေးမလုပ်ဘူး” ဟု လန်ဒန်တက္ကသိုလ်ကောလိပ်မှ ဂေဟဗေဒ ပညာရှင် ကိတ်ဂျုံးက ရင်ဖွင့်သည်။
ဇီဝမျိုးစုံမျိုးကွဲများ၊ မြေယာ အသုံးပြုမှုနှင့် ကူးစက်ရောဂါများ တိုးပွားလာခြင်း၏ အချိတ်အဆက်ကို ဂျုံးက ကာလကြာရှည် သုတေသနပြုနေသူဖြစ်သည်။ ဂျုံးကဲ့သို့သော ပညာရှင်များ၏ သတိပေးချက်မှာ အချိန်မီ အလေးထား မခံခဲ့ရသော်လည်း ယခုအခါ အပြည်ပြည် ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို ရရှိလာသည်။
ကပ်ဘေးဆိုးကြီးတစ်ခုအား မရှောင်လွှဲနိုင်ခဲ့သော်လည်း နောင်တွင် ထပ်ကြုံရနိုင်သည့် ကပ်ရောဂါတို့အား ကာကွယ်နိုင်ရေး ဇီဝမျိုးကွဲစုံလင်မှုနှင့် ဂေဟစနစ် ဝန်ဆောင်မှုဆိုင်ရာ အစိုးရများ သိပ္ပံ မူဝါဒအဖွဲ့ (Intergovernmental Science- Policy Platform on Biodiversity and Ecosystem Services – IPBES) က စတင်ဆွေးနွေးနေပြီး ကုလသမဂ္ဂသို့ ဆက်လက်သယ်ဆောင်သွားမည်ဖြစ် သည်။
သူတို့မျှော်မှန်းချက်က ဇီဝမျိုးစုံမျိုး ကွဲများထိန်းသိမ်းမှု ပိုမိုလုပ်ဆောင်ရေး အစိုးရများထံမှ ကတိကဝတ် ဖြစ်သည်။
ကပ်ရောဂါ၏ နောက်ထပ်အကြောင်းခံက တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် မွေးမြူရေးလုပ်ငန်းများ ဖြစ်သည်။ ယင်းအကြောင်းခံ၏ ဥပမာအချို့ကို ကိုဗစ် -၁၉ စတင်တွေ့ရှိရာ တရုတ်နိုင်ငံ၌ပင် ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။
ယခုနှစ် အစောပိုင်းအထိ တောရိုင်းတိရစ္ဆာန် အများအပြားအား တရုတ်တွင် တရားဝင် ကုန်သွယ်ခွင့်ပြုထားပြီး စားသုံးမှုမှာလည်း တွင်ကျယ်သည်။ အလားတူ မွေးမြူရေးမှ ထွက်ရှိလာသည့် ကြက်၊ ငှက်၊ သားငါးတို့နှင့်လည်း ဈေးကွက်အတွင်း၌ ထွေးရောယှက်တင် ရှိနေသည်။
ကမ္ဘာတစ်ဝန်း၌ တရားဝင် ခွင့်ပြုထားသည့် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၀ဝ ဘီလီယံ ဝန်းကျင်ရှိပြီး တရုတ်တစ်နိုင်ငံတွင်းတွင် ကုန်သွယ်မှုပမာဏက ဒေါ်လာ ၇၄ ဘီလီယံဝန်းကျင်ရှိကြောင်း မှတ်တမ်းများက ဆိုသည်။
တရုတ်၏ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်သူ လူဦးရေ ၁၄ သန်းခန့်ရှိသည်။
တရုတ်၊ ဗီယက်နမ်တို့ကဲ့သို့သော တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် စားသုံးမှုတွင် နာမည်ကျော်သည့် နိုင်ငံများ၌ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် ရောင်းဝယ်စားသုံးမှုအား ပိတ်ပင်တား မြစ်မှုများ ဆောင်ရွက်လာခြင်းကမူ ကိုဗစ်-၁၉ ၏ ဘေးထွက်ကောင်းကျိုးဟု ဆိုရမည်ဖြစ်သည်။
အစာအဟာရတွက် ဧရာမ မွေးမြူရေး လုပ်ငန်းကြီးများမှာမူ ရတက်မအေးဖွယ် ဆက်ရှိနေဦးမည် ဖြစ်သည်။
နှစ်စဉ် ကြက်ကောင်ရေ ဘီလီယံ ၅၀ မှာ လူတို့၏ ဝမ်းစာအတွက် စတေးခံနေရသည်။ ဝက်ကောင်ရေပေါင်း သန်းတစ်ထောင့် ငါးရာခန့် နှစ်စဉ် သတ်ဖြတ်ခံရသည်။
သန်းရာထောင်ချီသော သိုး၊ ဆိတ်၊ နွားနှင့် ပင်လယ်ရေသတ္တဝါတို့မှာလည်း နှစ်စဉ် မွေးမြူသတ်ဖြတ်ခံနေရ သည်။
သာမန်အားဖြင့်ဆိုလျှင် သန်းထောင်ချီသော မွေးမြူရေး တိရစ္ဆာန်များမှာ ကူးစက်ရောဂါ အန္တရာယ်၏ တိုက်ရိုက် ခြိမ်းခြောက်သူများ မဟုတ်သော်လည်း ၎င်းတို့နှင့် တောရိုင်းတိရစ္ဆာန်များ ထွေးရောယှက်တင် ရှိလာသည့်အခါ ကပ်ရောဂါဆိုးကို တည့်တည့်တိုး ကြရတော့သည်။
တောရိုင်းတိရစ္ဆာန် အများစု သယ်ဆောင်လာသည့် ရောဂါပိုးမွှားများမှာ လူတို့ထံ တိုက်ရိုက် ကူးစက်ပျံ့နှံ့ရန် ခက်ခဲပြီး မွေးမြူရေး တိရစ္ဆာန်များက ကြားခံဖြစ်လာသည့်အခါ အဆိုပါ ပိုးမွှားများက လူသားတို့အတွက် ဧရာမအန္တရာယ် ဖြစ်လာခဲ့သည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ကြုံခဲ့ရသော စပိန်တုပ်ကွေး ကပ်ဘေးဆိုးတွင် ဝက်များသည် ရောဂါပိုး သယ်ဆောင်သည့် ကြားခံဖြစ်ကြောင်း လေ့လာမှုအချို့က ထောက်ပြထားသည်။ ယခု ကိုဗစ်-၁၉ တွင်လည်း လင်းနို့သည် ရောဂါပိုး ပင်မသယ်ဆောင်သူဖြစ်ပြီး ကြားခံသတ္တဝါမှတစ်ဆင့် လူတို့ထ ကူးစက်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးအတွက် အမေရိကန် တစ်နိုင်ငံတည်းကပင် ဒေါ်လာ ၁၀ ဘီလီယံကျော် သုံးစွဲရန် ကတိပြုထားပြီး ဥရောပသမဂ္ဂ နှင့် တရုတ်အပါအဝင် နိုင်ငံတကာသည်လည်း ဒေါ်လာ ဘီလီယံချီ သုံးစွဲကာ ကာကွယ်ဆေးရရှိရေး တက်သုတ်ရိုက် ခရီးနှင်နေကြသည်။
ကာကွယ်ဆေးသည် ရောဂါပိုးကို တားဆီးနိုင်မည့် အကျိုးသာဖြစ်စေနိုင်ပြီး ရောဂါပိုး ပေါ်ပေါက်လာခြင်း၏ အကြောင်း တရားများအား ဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။ လာလတ္တံ့သော ကူးစက်ရောဂါ ဘေးဆိုးတို့အား ရှောင်လွှဲလိုပါလျှင် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်ခြင်း နှင့် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုအား တားဆီးခြင်းတို့က ထိရောက်သည့် အဖြေဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ ပညာရှင်တို့က ထောက်ပြနေကြပြီဖြစ်သည်။
ကပ်ရောဂါ၏ ဆိုးကျိုးများကို ကုစားရန် ကြိုးပမ်းကြသလို ကပ်ဘေးကြုံရခြင်း အကြောင်းတို့အား ဖြေရှင်း နိုင်မှသာ ကျန်းမာသော ကမ္ဘာကြီးကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။
သစ်တောများထံမှ လူတို့ဆီသို့ ကူးစက်ရောဂါ မရောက်လာအောင် ကာကွယ်ရန် ဒေါ်လာ ၃၀ ဘီလီယံ ဝန်းကျင် နှစ်စဉ်ကုန်ကျနိုင်သော်လည်း ကိုဗစ်-၁၉ ကြောင့် ကုန်ကျစရိတ်က အဆပေါင်း ၅၀ဝ ခန့် ပမာဏဖြစ်သည့် ဒေါ်လာ ၁၅ ဒသမ ၈ ထရီလီယံအထိ ရှိနိုင်ကြောင်း တွက်ချက်ထားသည်။
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်သည်မှာ ထင်ရှားပါသည်။
ကိုးကား-“Why deforestation and extinctions make pandemics more likely” by Nature (https://tinyurl.com/nature-pandemic)
ကိုစော