[အခန်း ၈]
၁၈၂၄ မတ်လ ၁၀ ရက်နေ့။ ပီနန်းကျွန်း။ ဂျော့ချ်တောင်းမြို့။
ဗြိတိသျှစစ်ရေးပြကွင်း။
ဘင်ခရာတပ်ဖွဲ့၏ အသံက မိုးခြိမ်းသံအလား။
ဗိုလ်မှူးရေးနိုး ဦးဆောင်သည့် ဗြိတိသျှမြင်းတပ်၊ ခြေလျင်အစောင့်စစ်သည်တပ်များက သေနတ်ကိုယ်စီကိုင်ကာ ညီညီညာညာဖြင့် စစ်ရေးပြနေကြသည်။
ဗြိတိသျှမာလာယုအမြောက်တပ်ရင်းမှလည်း အမြောက်ကြီးများကို ပစ်ဖောက်ကာ အစွမ်းပြကြ၏။
စင်မြင့်ပေါ်တွင် ထိုင်နေသော ထားဝယ်မြို့ဝန် ဦးရွှေလုတ်၊ မလေးရှား၊ ခက်ဒါနယ်၊ စူလတန်စော်ဘွားဟောင်း အာမက်တာဂျူဒင်ဟာလင်ရှား၊ ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီးမိုင်းလ်၊ ဗိုလ်မှူးကြီးဘိရှော့ တို့က စစ်ရေးပြတပ်များအား လက်ခုပ်တီးကာ အားပေးနေကြသည်။
ထိုအချိန်တွင် ထားဝယ်မြို့ဝန်ဦးရွှေလုတ်၏ ကုလားထိုင်အနောက်ဘက်သို့ အတူလိုက်ပါလာသူ စစ်ကဲမောင်ထမ်းပိုးက ဒူးထောက်ထိုင်ချလိုက်၏။
ထို့နောက် ဦးရွှေလုတ်၏ နားနားသို့ ကပ်ကာ တိုးတိုးပြောလိုက်သည်။
ဘင်ခရာသံများ၊ အမြောက်သံများနှင့်မို့ အသံက မကြားရ။
“ကျယ်ကျယ်ပြောစမ်း . . . ငပိုး . . . ငါမကြားရဘူးကွယ်”
“ဗြိတိသျှဘုရင်ခံချုပ်က . . . အင်းဝကို စစ်ကြေညာလိုက်ပါပြီ”
ဦးရွှေလုတ် မျက်နှာပျက်သွားသည်။
“မင်းသတင်းသေချာလား”
“မှန်ပါ . . . ဝန်မင်း . . . လွန်ခဲ့တဲ့ ငါးရက်ကတည်းက ကြေညာခဲ့တာလို့ . . . နားခံတော် ကန်ချလား က အခုပဲ သတင်းလာပေးပါတယ်”
စူလတန်စော်ဘွားဘေးတွင် ထိုင်နေသော ဗြိတိသျှဗိုလ်မှူးကြီးနှစ်ဦးကတော့ ဘာမျှ မဖြစ်သလို။
စစ်ကြေညာထားသော ရန်သူနိုင်ငံမှ မင်းမှုထမ်းအရာရှိတစ်ဦးကို စစ်ရေးပြပွဲတွင် တစ်တန်းတည်း ထိုင်ကြည့်နေစေခြင်းမှာ မည်သည့်သဘောနည်း။
ဘိုးတော်ဘုရင်လက်ထက်ကတည်းက ရခိုင်၊ အာသံ၊ မဏိပူရအရေးတို့နှင့် ပတ်သက်၍ အင်္ဂလိပ် – မြန်မာ ဆက်ဆံရေးမှာ ပျက်ပြားနေပြီဖြစ်သည်။
ဘကြီးတော်မင်းလက်ထက်သို့ရောက်သောအခါ မဏိပူရစော်ဘွားက သစ္စာမခံသဖြင့် မြန်မာတပ်များက သွားရောက်တိုက်ခိုက်ရာမှ အစပြုကာ ဗြိတိသျှတို့က ကချာနှင့် ဂျိန်းတိယနယ်များကို အစောင့်အရှောက်ခံနယ်မြေအဖြစ် လက်ဦးအောင်ကြေညာခဲ့သည်။
၁၈၂၃ ခုနှစ်တွင် မြန်မာတို့က နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းကို ဝင်ရောက်တိုက်ခိုက်သည်ကို အကြောင်းပြ၍ ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ဗြိတိသျှတို့က အင်းဝနိုင်ငံတော်ကို စစ်ကြေညာခဲ့ခြင်းပင်။
“မောင်ထမ်းပိုး . . . မင်း တည်းခိုတိုက်ကိုပြန် . . . ပါလာတဲ့ ငါတို့လူတွေကိုစုထား . . . လှေဆိပ်ကို ချက်ချင်းဆင်းနိုင်အောင် ပြင်ဆင်ထား . . . ကန်ချလားကိုတော့ အခုပဲ ငါ့ဆီလွှတ်လိုက်”
မြို့ဝန်မင်းအသံတို့က တုန်ရီနေသည်။
ကြောက်စိတ်လား၊ ဒေါသလား မသဲကွဲ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ရှေ့မှ စစ်ရေးပြတပ်ကလည်း တမင်တကာ လုပ်ပြနေသည့်အလား။
ခဏအကြာ နာခံတော် ကန်ချလာ ရောက်လာ၏။ ကန်ချလာ သည် ဟိန္ဒူဘာသာဝင်ဖြစ်ပြီး ဘာသာစကား လေးငါးမျိုးတတ်ကျွမ်းသူဖြစ်သည်။
“ကန်ချလာ . . . သူ့ကို မေးကြည့်စမ်း . . . အင်္ဂလိပ်တွေ ငါတို့ကို စစ်ကြေညာတာ သူသိပြီးသားကိစ္စမဟုတ်လားလို့”
မြို့ဝန်မင်းက နံဘေးနားမှ စူလတန်စော်ဘွားကို ညွှန်ပြကာ ပြောလိုက်၏။
ကန်ချလာက စကားပြန်ပြလိုက်သည်။
စူလတန်စော်ဘွားက မလေးဘာသာဖြင့် တစ်စုံတစ်ခုပြန်ပြော၏။
“စူလတန်က ပြောပါတယ် . . . ဝန်မင်းဘုရား . . . ဒီကိစ္စကို သိပြီးသားလို့တောင် သူက ထင်နေတာတဲ့”
“ပြောလိုက် . . . ဒီတိုင်းဆို . . . သူနဲ့ ငါတို့ သဘောတူထားတဲ့ကိစ္စကို အင်းဝဘုရင်က ဖျက်သိမ်းပစ်မှာ အသေအချာမို့ . . . မြန်မာတွေဆီက ဘာမှ မမျှော်လင့်နဲ့တော့လို့ . . . တောက်”
မြို့ဝန်မင်း၏ အသံမှာ ဒေါသတို့နှင့် တုန်ရီနေ၏။
ဗြိတိသျှတို့သည် အင်းဝကို မလွဲမသေစစ်တိုက်မည်ဖြစ်ကြောင်း၊ စစ်တိုက်လျှင်လည်း ဗြိတိသျှတို့က အယုဒ္ဓယနှင့် ပူးပေါင်းကာ စစ်ဆင်လာနိုင်ကြောင်း အင်းဝနန်းတော်မှ သတင်းရရှိထားပြီးဖြစ်သည်။
ယိုးဒယားဘုရင်၏ သိမ်းပိုက်ခြင်းကိုခံထားရသော မလေးရှားခက်ဒါနယ်မှ စူလတန်စော်ဘွားမှာ ပီနန်းတွင် ခိုအောင်းနေ၏။
ထို့ကြောင့် အင်းဝနန်းတော်မှ ထားဝယ်မြို့ဝန်အား ပီနန်းသို့ စေလွှတ်ပြီး ခပ်ဒါစော်ဘွားအနေဖြင့် အယုဒ္ဓယကို ပုန်ကန်မည်ဆိုပါက ထားဝယ်မှ စစ်အင်အား ၅၀၀၀ ပေးမည်ဖြစ်ကြောင်း၊ ခပ်ဒါစော်ဘွားကိုထောက်ခံကြသော မာလာယုစော်ဘွားများအနေဖြင့်လည်း အယုဒ္ဓယကို ဝိုင်းဝန်တိုက်ခိုက်ပေးကြရန် ညှိနှိုင်းစေခဲ့ခြင်းဖြစ်သည်။
ယိုးဒယား နှင့် မာလာယုစော်ဘွားတို့အကြား စစ်ဖြစ်ကြလျှင် မာလာယုစော်ဘွားများနှင့် မဟာမိတ်စာချုပ်များ ချုပ်ထားကြသော ဗြိတိသျှတို့နှင့် အယုဒ္ဓယတို့ ထိပ်တိုက်တွေ့ကြပါက မြန်မာပြည်ကို တိုက်ခိုက်ရေး အစီအစဉ် အားပျော့သွားလိမ့်မည်ဟု အင်းဝနန်းတော်က တွက်ဆသည်။
မာလာယုရှိ ဗြိတိသျှတို့ကိုမူ ခပ်ဒါစော်ဘွား၏ ဖိတ်ကြားချက်အရ နိုင်ငံရေးမပါသော ခရီးစဉ်အဖြစ် ထားဝယ်မြို့ဝန်က လာရောက်ခြင်းဖြစ်ကြောင်း အကြောင်းပြထား၏။
တစ်ဖက်တွင်လည်း အင်းဝနန်းတော်မှ ဘန်ကောက်ရှိ ယိုးဒယားဘုရင်ထံသို့ စာပို့ထားပြီး . . . အင်းဝနိုင်ငံကို အင်္ဂလိပ်မှ သိမ်းပိုက်ပြီးလျှင် ယိုးဒယားကိုလည်း သိမ်းလာနိုင်သဖြင့် နှစ်နိုင်ငံမဟာမိတ်စာချုပ်ချုပ်ပြီး အင်္ဂလိပ်အား ပူးပေါင်းတိုက်ခိုက်ရန် အကြောင်းကြားထားပြန်သည်။
ထိုသို့ အင်းဝနန်းတော်၏ စီမံကိန်းကို ထားဝယ်မြို့ဝန်မှ ပီနန်းသို့သွားရောက် အကောင်ထည်ဖော်နေစဉ်အတွင်း ဗြိတိသျှတို့က အင်းဝအား စစ်ကြေညာခဲ့လေပြီ။
“ဝန်မင်းဘုရား . . . ကျွန်တော်မျိုးတို့ ဘာဆက်လုပ်ကြမလဲ . . . ဘုရား”
နာခံတော်ကန်ချလား ၏ အသံက တုန်ရီနေ၏။
ရန်သူ့ပိုင်နက်ထဲမှာ ရောက်နေကြရသည့် သူတို့အဖြစ်။
“ထားဝယ်မြို့ဝန်မင်း . . . အဆင်မပြေတာ တစ်စုံတစ်ခုများ ရှိပါသလား ခင်ဗျာ”
ဗမာစကားကို ထားဝယ်သံဖြင့် ကျွမ်းကျင်စွာပြောလိုက်သော ကာနယ်ဘိရှော့က ဦးရွှေလုတ်အနီးတွင် မတ်တတ်ရပ်ကာ မေးလိုက်သည်။
သူ့နောက်တွင်လည်း ဓါးကောက်ကိုယ်စီချိတ်ထားသော ကိုယ်ရံတော်စစ်ဗာရီနှစ်ဦးကိုတွေ့ရ၏။
ဦးရွှေလုတ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
“ကျုပ်တို့တတွေ . . . မနက်ဖြန်မနက်ပဲ . . . ထားဝယ်ကို ပြန်ချင်ပါတယ် . . . ကာနယ်ဘိရှော့”
ကာနယ်ဘိရှော့ က ပြုံးလိုက်သည်။
“စိတ်ချပါ . . . မြို့ဝန်မင်း . . . ထားဝယ်ကို ဘေးမသီရန်မခဘဲ ရောက်ရှိစေဖို့အတွက် . . . မြို့ဝန်မင်းတို့ရဲ့ သင်္ဘောနဲ့အတူ..ဗြိတိသျှတော်ဝင်ရေတပ်က သင်္ဘောတစ်စီးက လိုက်ပါစောင့်ရှောက်ပေးသွားမှာပါ”
……………………………………………..
စစ်သတင်းများကြောင့် . . . ထားဝယ်ဆိပ်ကမ်းသည် ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
ဆိပ်ကမ်းစောင့်ကင်းတပ်၏ ထိပ်တွင် တလူလူလွင့်နေသော ဒေါင်းအလံ၏ တဖြတ်ဖြတ်အသံကိုပင် ကြားနေရ၏။
မင်းကျော်သူရိန် ဘွဲ့ခံ ရေဝန်ဦးဒါ သည် ဝါးလက်စကွမ်းဖက်ကို နံဘေးရှိ ထွေးခံထဲသို့ ထွေးထုတ်လိုက်ပြီး ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်၏။
ထားဝယ်မြို့ဝန်၏ သင်္ဘောမှာ တဖြည်းဖြည်း ကမ်းနှင့် နီးကပ်လာချေပြီ။
ရေဝန်ဦီးဒါနှင့်အတူ အခွန်ဝန်မောင်ရွှေဦး၊ မြို့ဝန်၏တူတော်သူ ပထမစစ်ကဲ မောင်ယာစိ၊ တတိယစစ်ကဲ မောင်တိုင်တား၊ စတုတ္ထစစ်ကဲ မောင်ဝ၊ ပထမနာခံတော် ရွှေအောင်စသော ထားဝယ်မြို့အုပ်ချုပ်ရေးအရာရှိများနှင့် စာရေးကြီးများက အသင့်အနေရာယူလိုက်ကြ၏။
သင်္ဘောပေါ်မှ ဆင်းလာသော မြို့ဝန်မင်းကို အားလုံးက ဒူးထောက်ပျပ်ဝပ်လိုက်ကြသည်။
မြို့ဝန်မင်းက ရေဝန်ဦးဒါကို ကျော်သွားပြီး တူတော်သူ စစ်ကဲမောင်ယာစိ နားတွင် မတ်တတ်ရပ်လိုက်၏။
“မောင်ယာစိ . . . မြို့အခြေအနေ ဘာထူးသေးလဲ”
“ငြိမ်ဝပ်လျက်ရှိကြောင်းပါ . . . မင်းကြီး”
“အင်းဝတို့ . . . ရန်ကုန်တို့ကနေရော . . . စစ်ကူကိစ္စ စာချွန်တွေဘာတွေ လာသေးလား”
မောင်ယာစိက မည်သို့မျှ ပြန်မပြော။
“ဘယ်လိုပဲဖြစ်ဖြစ် . . . ဗြိတိသျှတပ်တွေ လာရင်တော့ . . . ငါတို့ ရှိတဲ့အင်အားနဲ့ ခုခံရမှာပဲ . . . မောင်မင်းတို့ စစ်ကဲတွေနဲ့ နာခံတွေ . . . လူအင်အား၊ လက်နက်အင်အားအသင့်ရှိကြစေ”
ရေဝန်ဦးဒါက ဒူးတုပ်နေရာမှ ခေါင်းထောင်လာသည်။
“လက်နက်အင်အားရော၊ လူအင်အားပါတောင့်တင်းတဲ့ ဗြိတိသျှရေတပ်ကို မနိုင်နိုင်မှန်းသိပါလျက်နဲ့ ထိပ်တိုက်တွေ့ဖို့တွေးတာတော့ . . . မိုက်မဲလွန်းပါတယ် . . . မင်းကြီး၊ ဒုက္ခစရာရှိရင် ထားဝယ်မြို့သူမြို့သားတွေ အကုန်ဒုက္ခရောက်ကြမှာ”
မြို့ဝန်ဦးရွှေလုတ်က ဦးဒါကို တချက်လှည့်ကြည့်လိုက်သည်။
“ငါက အင်းဝရွှေနန်းတော်က အာဏာကုန်ပေးခြင်းခံထားရတဲ့ မြို့ဝန်ပါ . . . ငါ့ဆုံးဖြတ်ချက်က အတည်ပဲ”
ဦးဒါက မခိုးမခန့်ပြုံးလိုက်သည်။
“စစ်မတိုက်ဖူးတဲ့ သူတစ်ယောက်ပေးတဲ့ စစ်ရေးအမိန့်ကိုတော့ ကျွန်တော်မျိုး အယုံအကြည်မရှိပါ . . . ထားဝယ်သားတွေ အသက်ကို အချည်းအနှီးမဖြစ်စေချင်ပါ”
ဦးဒါ၏ စကားကြောင့် မြို့ဝန်ဦးရွှေလုတ်မှာ မျက်စိမျက်နှာပျက်သွား၏။
ဦးရွှေလုတ် ၏ ဖခင်မှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က မြိတ်မြို့ဝန်ဖြစ်ခဲ့ဖူးသည်။ မင်းကျော်သူရိန်ဘွဲ့ခံ ဦးရွှေလုတ်သည် ငယ်စဉ်ကပင် အင်းဝဘုရင်ထံတွင် မြို့ပြအရာရှိအဖြစ် အမှုထမ်းခဲ့ပြီး ထားဝယ်မြို့ဝန်အဖြစ် ရောက်ရှိလာသည်မှာ လေးနှစ်ပင်မပြည့်သေး။
ထားဝယ်ဒေသတွင်း ယိုးဒယားမြန်မာစစ်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယိုးဒယားအမတ်ချုပ် ဦးမဲ အား လက်ရဖမ်းဆီးပေးနိုင်ခဲ့သဖြင့် ဘုရင်၏ မြှောက်စားခြင်းခံခဲ့ရသည့် ထားဝယ်သား ရေဝန်ဦးဒါ ၏ စကားက ဦးရွှေလုတ်၏ အရှိုက်ကို ထိစေသည်။
သို့သော် ဦးရွှေလုတ်က ခွန်းတုံ့မပြန်တော့ဘဲ အံကို တင်းတင်းကြိတ်ကာ သူ့အား လာကြိုသည့် ဝေါယာဉ်ပေါ်သို့ တက်သွားတော့၏။
……………………………………………..
မြို့ဝန်အိမ်တော်ရှိရာဘက်မှ စစ်ရေးလေ့ကျင့်သံများ ညံစီအောင် ထွက်ပေါ်နေသည်။
မြို့ဝန်ဦးရွှေလုတ်နှင့် စစ်ကဲများက ရွှေထီးများကိုယ်စီဆောင်းလျက် ကြည့်ရှုနေကြ၏။
ခပ်လှမ်းလှမ်းတောင်ကုန်းပေါ်တွင် မူ မြင်းကိုယ်စီနှင့် လူနှစ်ယောက်။
ရေဝန်ဦးဒါ နှင့် စတုတ္ထစစ်ကဲ ထားဝယ်သား မောင်ဝ တို့ဖြစ်သည်။
“မောင်ဝ . . . အင်္ဂလိပ်က ထားဝယ်ကိုသိမ်းတဲ့အခါ စစ်အင်အား ဘယ်လောက်သုံးမယ် . . . မင်းထင်လဲ”
ဦးဒါက မေးလိုက်ခြင်းပင်။
“ကျွန်တော်မျိုး မပြောတတ်ပါဘူး . . . ဝန်မင်း”
“အခု ရန်ကုန်လည်း ကျသွားပြီ . . . ရန်ကုန်ကို ဝင်တိုက်တဲ့ ဗိုလ်ချုပ်ကင်းဘဲလ်တပ်ကို ရန်ကုန်မြိုစောင့်တပ်ရော၊ နေပြည်တော်က တပ်တွေကပါ မခုခံနိုင်ခဲ့ဘူး၊ မကြာခင် ထားဝယ်ကိုလည်း အင်္ဂလိပ်ရေတပ်သင်္ဘောတွေရောက်လာမှာ အနှေးနဲ့အမြန်ပဲ။ အင်္ဂလိပ်ဟာ ရန်ကုန်ကို ရထားပြီးဖြစ်တဲ့အတွက် စိတ်ဓာတ်ခွန်အားအပြည့်၊ လူ၊ လက်နက်အပြည့်နဲ့ ထားဝယ်ကို လာကြလိမ့်မယ်။ သူတို့ဟာ စစ်တပ်ထက် စစ်တပ်ရဲ့ ရိက္ခာ၊ လက်နက်အားထားရာဖြစ်တဲ့ မြို့ထဲကို အမြောက်တွေနဲ့ အရင်ချေမှုန်းပစ်ကြလိမ့်မယ်။ အဲ့ဒီအခါ တို့ထားဝယ်ရဲ့ မြို့ရိုးခံတပ်တွေဟာ အင်္ဂလိပ်အမြောက်ဒဏ်ကိုခံနိုင်လိမ့်မယ်လို့ မင်းထင်လား”
“မထင်ပါ . . . ဝန်မင်း”
“ငါတော့ ဆုံးဖြတ်ပြီးပြီ . . . မြို့သူမြို့သားတွေ အလဟဿသေမယ့် အဖြစ်ကို အဖြစ်မခံနိုင်ဘူး”
“ဒါဆို ဝန်မင်းက . . . ”
“စစ်တိုက်တယ်ဆိုတဲ့နေရာမှာ ကိုယ့်ပြည်သူ အသက်သာဆုံးနည်းကို ရွေးတိုက်ကြရတယ် . . . အဲ့ဒီအခါ စစ်ပရိယာယ်ဆိုတာ လိုအပ်တာပဲ . . . ဒီတော့ ထားဝယ်မြို့အထိမနာအောင် . . . အင်္ဂလိပ်ကောင်တွေကို အယုံသွင်းပြီးမှ တိုက်ဖို့ ငါစီစဉ်ထားတယ်”
“ဝန်မင်းအစီအစဉ်ကို မြို့ဝန်မင်းက လက်ခံပါ့မလား”
“သူတို့က အင်းဝသားတွေပါ။ နန်းတော်မှာရရှိမယ့် သူ့ဂုဏ်သိက္ခာအတွက် ဒီမြို့လေး ကြေမွသွားလည်း . . . သူမှုမှာ မဟုတ်ဘူး . . . ဒီတော့ . . . အင်္ဂလိပ်တပ်တွေရောက်လာတာနဲ့ . . . သူ့ကို ငါတို့ အရင်ဖမ်းရလိမ့်မယ်”
စစ်ကဲမောင်ဝ က ဦးဒါ၏ မျက်နှာကို အလန့်တကြားကြည့်လိုက်သည်။
“ဟုတ်တယ် . . . သူ့ကို အင်္ဂလိပ်လက်ကို အပ်မယ်..ပြီးရင် . . . မြို့အထိမနာအောင် .. . အချိုသတ်ပြီး အင်္ဂလိပ်တွေနဲ့ ငါတို့ ပူးပေါင်းဟန်ပြမယ် . . . မကြာခင် သူတို့တပ်တွေ အထက်ဘက်ကို ဆက်တက်သွားမှ . . . ဒီမြို့ကို သူတို့လက်ကနေ ငါတို့ ရအောင်ပြန်ယူကြမယ်”
“ဝန်မင်းတကယ်ပြောနေတာလား . . . ဘုရား”
“မောင်ဝ . . . မင်းထားဝယ်သားမဟုတ်လား . . . ထားဝယ်သားဆို ထားဝယ်မြို့ကို ကာကွယ်ဖို့အတွက် ငါ့ကို သစ္စာရှိပါ”
“ခင်ဗျာ”
“လာမယ့် လပြည့်နေ့ . . . မုတ္ထီးဘုရားမှာ ငါတို့ သစ္စာပြုပွဲတစ်ခု လျှို့ဝှက်လုပ်ကြမယ် . . . မင်းလည်း ထားဝယ်သားပီပီ ငါ့ဆီ သစ္စာခံပါ . . . ထားဝယ်သားအတော်များများလည်း ငါ့ဆီမှာ သစ္စာပေးကြလိမ့်မယ်”
ထားဝယ်မြစ်ဘက်ဆီမှ ဆားရနံ့ပါသော လေသည် ဦးဒါ၏ ခေါင်းပေါင်းဦးစွန်းကို ဖြတ်သန်းတိုက်ခတ်သွားတော့သည်။
ခက်ဇော်