BREAKING
October 18, 2024

KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ကော်သူးလေတပ်ဖွဲ့က ဖမ်းဆီး

July 19, 2024

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့က ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးထားကြောင်း KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇ တွဲဖက်တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်ရင်း ၂၇ က တပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝကုန်းရွာလမ်းပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်။ ဘာမှပွတ်တိုက်မှုပြဿနာ မဖြစ်စေချင်ဘူးလေ။ တယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရှိရှိသွားတာ သူတို့ဖမ်းထားတယ်။ အခုဖမ်းတဲ့အဖွဲ့တွေက ကျွန်တော်တို့နဲ့ လာမပူးပေါင်းဘူး။ ပူးပေါင်းတဲ့ အဖွဲ့တွေက ကျွန်တော်တို့နဲ့ ဘာပြဿနာမှ မရှိဘူး။ တချို့ KTLA က အရာရှိတွေလည်း ကျွန်တော်တို့နဲ့ အတူတကွ နေထိုင်တာရှိတယ်။ ကျွန်တော်တို့လည်း တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရန်စ မရှိဘူး သွားလာနေကြဆိုတော့ သတိမထားမိဘူးလေ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖမ်းဆီးမှုနှင့် ပက်သက်ပြီး ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာတဝိုက်တွင် လှုပ်ရှားနေသည့် KTLA တပ်ရင်း(၂) တပ်ခွဲ(၃) တပ်ခွဲမှူး ဗိုလ်တေဇ (ခ) ကိုရဲကို ဆက်သွယ်မေးမြန်းရာ “ဒီကိစ္စမသိဘူး။ ပြောလို့မရသေးဘူး။ ဒီဘက်မှာ ရှုပ်နေတယ်” ဟု ဖြောကြားပြီး ဖုန်းချသွားသည်။

အရှေ့တောဒေသဘက်တွင် လှုပ်ရှားနေသည့် KTLA တပ်က တပ်ခွဲတာဝန်ရှိသူအချို့ကို ဖုန်းဆက်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဇူလိုင်လ ၁၈ ရက် (မနေ့ညပိုင်း) ကလည်း ထားဝယ်-ထီးခီးလမ်း ရင်ကွဲတောင်တွင် KNLA တပ်နှင့် KTLA တပ်တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဗိုလ်မှူးစောမှူးဂေက ပြောသည်။

ဇူလိုင်လ ၁၃ ရက်ကလည်း ရင်ကွဲတောင်လမ်းပိုင်းမှာပင် KNLA တပ် အရာရှိနှင့် တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကား ငါး စီးကို KTLA တပ်ဖွဲ့က ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် KNLA တပ်နှင့် PDF တပ်ဖွဲ့ဝင် ခြောက် ဦးဒဏ်ရာရခဲ့ပြီး ကားနှစ်စီးလည်း ပျက်စီးခဲ့သည်။

ယင်းနောက် ဇူလိုင် ၁၄ ရက်တွင်လည်း KNLA တပ်နှင့် KTLA တပ်တို့ နှစ်ဖက်ပစ်ခတ်မှုဆက်ဖြစ်ခဲ့သေးသည်။

အထက်ပါ ပစ်ခတ်မှု၊ ဖမ်းဆီးမှုများနှင့် ပက်သက်ပြီး KTLA တပ်က ဗိုလ်အယ်ကွီးလ်အပါအဝင် ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရသေးပေ။