BREAKING
January 16, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

July 19, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ

အိုင်တီနည်းပညာ ချို့ယွင်းမှုကြောင့် ကမ္ဘာတဝန်း လေယာဉ်၊ ဘဏ်လုပ်ငန်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အခက်ကြုံ

ပုံစာ – စင်ကာပူလေဆိပ်တွင် တန်းစီနေသူများ (CNA)

ကမ္ဘာတစ်ဝန်း ဇူလိုင်လ ၁၉ ရက်နေ့က ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်ခဲ့လို့ လေကြောင်းခရီးစဉ်တွေ ဘဏ်လုပ်ငန်းတွေနဲ့ အခြားဆက်သွယ်ရေးဝန်ဆောင်မှုတွေ အခက်အခဲကြုံတွေ့ခဲ့ကြပါတယ်။

အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနဲ ဩစတေးလျနိုင်ငံတွေက လေကြောင်းလိုင်းတွေ ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းတွေ အဓိက အခက်ကြုံခဲ့ကြတာပါ။

Microsoft နဲ့ ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့ရဲ့ နည်းပညာတွေ ချို့ယွင်းခဲ့ကြတာဖြစ်ပြီး အကြောင်းအရင်းကို ရှာဖွေဖြေရှင်းဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

နည်းပညာပြဿနာပေါ်ပေါက်လာခဲ့လို့ အမေရိကန်ပြည်ထောင်စုက လေယာဉ်အများစု မြေပြင်ဆင်းသက်ခဲ့ရပါတယ်။

စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည် Check in ဝင်ရောက်တဲ့နည်းစနစ် ပြတ်တောက်နေလို့ လူအစားထိုးပြုလုပ်ခဲ့ရကာ အချိန် ကြန့်ကြာခဲ့ကြပါတယ်။

ဒါကြောင့် လေဆိပ်မှာ စောင့်ဆိုင်းနေတဲ့ ခရီးသည်လူတန်းရှည်ဖြစ်လာခဲ့ပြီး ဥရောပရှိ လေဆိပ်တွေမှာလည်း ဒီအခက်အခဲတွေ ကြုံတွေ့ခဲ့ကြပါတယ်။

Ref: CNA

………………………………..

ဘန်ကောက်ဟိုတယ် ၆ လောင်းပြိုင်သေဆုံးမှု အချင်းချင်း အဆိပ်ခတ်သတ်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က နာမည်ကြီးဇိမ်ခံဟိုတယ်တစ်ခုမှာ နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးခဲ့မှုက အကြွေးကိစ္စကြောင့် အချင်းချင်းအဆိပ်ခတ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဇူလိုင် ၁၇ မှာ ထုတ်ဖော်ခဲ့ပါတယ်။

ဟိုတယ်အခန်းထဲ အမေရိကန်နဲ့ ဗီယက်နမ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့မှုအတွက် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်တဲ့ FBI (Federal Bureau of Investigation) နဲ့အတူ ထိုင်းရဲတပ်ဖွဲ့၊ ဗီယက်နမ်အာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းခဲ့ပြီး ပြောကြားခဲ့တာပါ။

သေဆုံးသူတွေက ဆိုင်ရာနိုက် (cyanide) အဆိပ်ပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်ကို သောက်သုံးခဲ့လို့ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲက တစ်ဦးမှာ ဒေါ်လာ ၂၇၈,၀၀၀ ကျော် အကြွေးပြဿနာရှိနေတာပါ။

အကြွေးကိစ္စနှင့်ပတ်သက်ပြီး တစ်ဦးက ကျန်လူတွေကို အဆိပ်ခတ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိပ်ခတ်သတ်သူကလည်း နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တယ်လို့ ကောက်ချက်ချပါတယ်။

သေဆုံးသူတွေထဲမှာ အမေရိကန်-ဗီယက်နမ် နိုင်ငံသား ၂ ဦးနဲ့ ဗီယက်နမ် နိုင်ငံသား ၄ ဦးဖြစ်ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်ကြပါတယ်။

Ref: Khaosod

………………………………..

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြမှု အရှိန်မြင့်တက်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေပါတယ်။

တစ်ပတ်အတွင်း ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြာင့် လူပေါင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ကြတာပါ။

ဇူလိုင်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အတိုက်အခံပါတီဖြစ်တဲ့ Bangladesh Nationalist Party (BNP) ပါတီရဲ့ အတွင်းရေးမှူးတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒါကာမြို့တော်မှာ လူစုလူဝေးခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

အစိုးရအမှုထမ်းရာထူးတွေကို လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ပြန်မိသားစုတွေအတွက် ဦးစားပေးခွဲတန်း ချမှတ်မှုအပေါ်  မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတာခဲ့တာဖြစ်ပါတယ်။

အစိုးရအလုပ် ၅၆ ရာခိုင်နှုန်းလောက်ကို စစ်ပြန်မိသားစုတွေ အတွက်ဆိုပြီး သီးသန့်ချန်ထားပြီး ကျန်တဲ့နေရာတွေအတွက် သာမန်ပြည်သူ ၆ သိန်းလောက်က ဝင်ရောက် ယှဉ်ပြိုင်ကြိုးစားရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း အလားတူ ဆန္ဒပြမှုတွေကြောင့် စစ်ပြန်မိသားစုတွေအတွက် ထားပေးတဲ့ ခွဲတန်းစနစ်ကို ဖျက်သိမ်းခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒီနှစ်ဇွန်လမှာတော့ ခွဲတမ်းစနစ်ကိုဖျက်သိမ်းလိုက်တာဟာ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် အခုလိုဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်လာပြီး ပဋိပက္ခအရှိန်မြင့်တက်လာနေတာဖြစ်ပါတယ်။

အစိုးရကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသလို ရဲတပ်ဖွဲ့ကလည်း ရော်ဘာကျည်တွေ မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွင်းတာတွေရှိခဲ့ပါတယ်။

ကျောင်းသားဆန္ဒပြသူတွေဟာ ဘဂ်လာဒေ့်ရှ် အစိုးရပိုင် Bangladesh Television (BTV) ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် နိုင်ငံပိုင် ရုပ်မြင်သံကြား ထုတ်လွင့်ရေးပါ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

Ref: CNN

………………………………..

နီပေါမှာ ခရီးသည်တင် ဘတ်စ်ကား ၂ စီး တောင်ကျရေနဲ့ မြစ်ထဲမျောပါ

နီပေါနိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင်လ ၁၂ ရက်နေ့က မြေပြိုမှုကြောင့် လူ ၅၀ ကျော်လိုက်ပါလာတဲ့ ဘတ်စ်ကား ၂ စီး မြစ်ရေထဲ မျောပါသွားခဲ့ပါတယ်။

မိုးက အဆက်မပြတ် ရွာသွန်းနေသလို ထပ်ပြီးမြေပြိုတာနဲ့ ကြုံနေရတဲ့အတွက် ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။

ခရီးသည် ၃ ဦးကတော့ ရေကူးပြီး အသက်မသေပဲ ကျန်ခဲ့ပေမယ့် ဘတ်စ်ကားတွေကတော့‌ ရေထဲ မျောပါသွားခဲ့ကြပါတယ်။

တောင်ကြား ဒေသဖြစ်တဲ့အတွက် မြစ်ရေစီးဆင်းတာမြန်နေပြီး မုတ်သုန်မိုးက ရက်ဆက်နေလို့ မြစ်ရေကလည်း ကြီးနေသလို ရေတွေက နောက်ကျိနေတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ခရီးသည်တွေထဲက ၁၁ ဦးရဲ့အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

Ref: AP

………………………………..

မြောက်ကိုရီးယားသံတမန် တောင်ကိုရီးယားမှာ လာရောက် ခိုလှုံ

ကျူးဘားနိုင်ငံမှာ တာဝန်ကျနေတဲ့ မြောက်ကိုရီးယား အဆင့်မြင့် သံတမန်တစ်ဦး တောင်ကိုရီးယားဘက်ကို ခိုလှုံလာခဲ့တယ်လို့ တောင်ကိုးရီးယားဘက်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ မြောက်ကိုရီးယား အုပ်ချုပ်ရေးအဖွဲ့က ထိပ်တန်း တာဝန်ရှိသူတွေ ထွက်ပြေး ခိုလှုံလာနေတဲ့အထဲက နောက်ဆုံး ခိုလှုံမှုပါ။

ဒါကို တောင်ကိုးရီးယားဘက်က အတည်ပြုထားပေမဲ့ တခြား အသေးစိတ် အချက်အလက်တော့ ဖော်ပြထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေအပေါ် မမျှတဲ့ ဆက်ဆံရေးနဲ့ နိုင်ငံရေးစနစ်အပေါ် စိတ်ပျက်လာတဲ့အတွက် သူ့အနေနဲ့ တောင်ကိုရီးယားမှာ အခုလို ခိုလှုံဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: AP

………………………………..

ဟစ်ဘိုလာအဖွဲ့ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်

အစ္စရေး ဂျက်တိုက်လေယာဥ်တွေဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဘိုလာ စစ်ဘက် အဆောက်အဦးတွေကို လေကြောင်းကနေ ဇူလိုင် ၁၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။

နောက်ထပ် လက်နက်ကြီး အမြှောက်တွေနဲ့လည်း ပစ်ခတ်ခဲ့ပါသေးတယ်။

တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန်ဘက်က ထုတ်ပြန်ထားပါတယ်။

ဟစ်ဘိုလာဘက်က ပြန်ပစ်ခတ်ခဲ့တဲ့ ရော့ကက် ဒုံးကျည်တစ်ချို့ကို အစ္စရေးစစ်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

တစ်ချို့က လူသူအဆောက်အဦးမရှိတဲ့ နေရာတွေကို ကျရောက်တာကြောင့် အပျက်အစီးနဲ့ လူအသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာဒေသမှာ ဟာမတ်စ်အဖွဲ့နဲ့ စစ်ဖြစ်နေသလို မြောက်ပိုင်းမှာလည်း ဟစ်ဘိုလာအဖွဲ့နဲ့ တိုက်ခိုက်နေတာကြောင့် ဒေသတွင်း စစ်မီးပွားလာမှာကို စိုးရိမ်နေကြပါတယ်။

Ref: REUTERS

………………………………..

တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတစ်ချို့ ဗီယက်နမ်ကပိုင်တယ်လို့ ကုလသမဂ္ဂမှာ တင်သွင်း

တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို သူတို့ ပိုင်ဆိုင်တယ်လို့ ဗီယက်နမ်နိုင်ငံက ကုလသမဂ္ဂကို တင်ပြတောင်းဆို လိုက်တယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒေသတွင်း ဖိလစ်ပိုင်နိုင်ငံက ဒီလိုတောင်းဆိုပြီး တစ်လအကြာမှာပဲ ဗီယက်နမ်ဘက်က တောင်းဆိုလိုက်တာပါ။

ဗီယက်နမ်က ရေမိုင် ၂၀၀ ထက် ကျော်လွန်တဲ့ ပင်လယ်ပြင်ထဲက ကျွန်းတွေကို ပိုင်ဆိုင်တယ်လို့ တင်သွင်းတာဖြစ်ပါတယ်။

ဒါက သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို ပင်လယ်ရေကြောင်းဆိုင်ရာ မူဘောင်တွေနဲ့အညီ ကျင့်သုံးဖို့ဖြစ်တယ်လို့ ဆိုထားတာပါ။

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို သူတို့ပိုင်နယ်မြေတွေဖြစ်တယ်လို့ ပြောထားပြီး အဲဒီထဲမှာ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ် နဲ့ ဗီယက်နမ် နိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေလည်း ပါဝင်နေပါတယ်။

Ref: REUTERS

………………………………..

သမ္မတ ဘိုင်ဒင် ရွေးကောက်ပွဲဝင်ရေး ပြန်စဉ်းစားဖို့ အိုဘားမားတိုက်တွန်း

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတဂျိုးဘိုင်ဒန် ထပ်ပြီးဝင်မပြိုင်ဖို့ သမ္မတဟောင်း အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။

နိုင်ခြေသိပ်မရှိတဲ့အတွက် သမ္မတဘိုင်ဒန်အနေနဲ့ ရွေးကောက်ပွဲပြန်ဝင်ရေးကို အသေအချာစဉ်းစားဖို့လိုတယ်လို့ ဆိုတာပါ။

သက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘိုင်ဒန်က နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲမှာ သူဟာ ဒီမိုကရက်တွေရဲ့ စံအဖြစ်ရှိနေမှာဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ ရီပတ်ဘလစ်ကင်ပါတီရဲ့သမ္မတလောင်းအဖြစ် အမည်စာရင်း တင်တာကို လက်ခံမှာဖြစ်ပါတယ်။

Ref: NDTV

………………………………..

နယ်ခြားလုံခြုံရေးတိုးမြင့်သွားမယ်လို့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ဆို

ဒေါ်နယ်ထရမ့်က သမ္မတဖြစ်လာခဲ့ရင် နယ်စပ်ကိုပိတ်ပြီး တံတိုင်းကို ပြီးအောင် တည်ဆောက်မယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့မှာ မိန့်ခွန်းပြောကြားလိုက်ပါတယ်။

တောင်ပိုင်းနယ်စပ် တရားမဝင် ဝင်ရောက်သူတွေရဲ့ ကျုးကျော်သိမ်းပိုက်မှုကို မဖြေရှင်းဘဲနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စုဟာ တစ်ကမ္ဘာလုံးက စွန့်ပစ်အမှိုက်တွေ လာပစ်တာကို လက်ခံတဲ့နေရာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ရာဇဝတ်မှု ၇၀ ရာခိုင်နှုန်း ကျဆင်းသွားတာဟာ သူတို့ဆီက ရာဇဝတ်သားတွေ ဒီနိုင်ငံကို ရောက်လာလို့ဆိုပြီး စွပ်စွဲလိုက်ပါတယ်။

သူက တိုင်းပြည်မှာ တရားမဝင် ဝင်လာသူတွေ ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုများလာတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

………………………………..