BREAKING
September 8, 2024

ကမ္ဘာတစ်ဝန်း နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်၊ ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲဖြစ်

July 19, 2024

ပုံစာ - စင်ကာပူလေဆိပ်တွင် တန်းစီနေသူများ (CNA)

ကမ္ဘာတစ်ဝန်းတွင် ယနေ့ ဆက်သွယ်ရေးအိုင်တီနည်းပညာ ချို့ယွင်းကာ ပြဿနာပေါ်ပေါက်နေသဖြင့် လေကြောင်းခရီးစဉ်များ၊ ဘဏ်လုပ်ငန်းများနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲကြုံနေကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာလုပ်ငန်း ပြဿနာပေါ်ပေါက်လာခြင်းကြောင့် အမေရိကန်၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အိန္ဒိယနှင့် ဩစတေးလျနိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းများ အခက်အခဲကြုံနေကြခြင်းဖြစ်သည်။

Microsoft နှင့် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike တို့တွင် နည်းပညာချို့ယွင်းကာ ပြဿနာဖြစ်နေခြင်းဖြစ်ပြီး နည်းပညာချို့ယွင်းသည့် အကြောင်းအရင်းကို ရှာဖွေဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ဆိုထားသည်။

နည်းပညာပြဿနာပေါ်ပေါက်လာခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ လေယာဉ်အများစု မြေပြင်ဆင်းသက်ထားကြောင်း ထုတ်ပြန်ထားသည်။

စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း Check in ဝင်ရောက်သည့်နည်းစနစ် ပြတ်တောက်နေသဖြင့် လူအစားထိုးပြုလုပ်နေရပြီး အချိန် ကြန့်ကြာမှုရှိနေကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် လေဆိပ်တွင် စောင့်ဆိုင်းနေသော ခရီးသည်လူတန်းရှည်ဖြစ်လာနေပြီး ဥရောပရှိ လေဆိပ်များတွင်လည်း လေယာဉ်လက်မှတ်ထုတ်ပေးသော စက်များ အလုပ်မလုပ်တော့ကြောင်း သတင်းများက ဆိုသည်။

နည်းပညာအခက်အခဲဖြစ်ပေါ်မှုကြောင့် လန်ဒန်နှင့် စင်ကာပူရှိ ရေနံနှင့် ဓါတ်ငွေ့ကုန်သွယ်ရေးလုပ်ငန်းအချို့လည်း လုပ်ငန်းစဉ်များလည်ပတ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆိုထားသည်။

ဆက်သွယ်ရေးပြဿနာကြောင့် ဗြိတိန်ရှိ Sky News သတင်းဌာနကလည်း ယနေ့ နံနက်ပိုင်းမှစ၍ Live ထုတ်လွှတ်၍ မရတော့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဗြိတိန်ရှိ ရထားခရီးစဉ်များတွင်လည်း နည်းပညာပြဿနာများ ပေါ်ပေါက်လာနေခဲ့ပြီး ယာယီရပ်နားနိုင်သည့် အခြေအနေဖြစ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဂျာမနီနှင် စပိန်နိုင်ငံ လေဆိပ်တို့တွင်း နည်းပညာချို့ယွင်းမှုကြောင့် Check in လုပ်ရန် နှောင့်နှေးမှုများ ကြုံနေရသည်။

Ref: CNA, Sky News, CNBC