BREAKING
December 28, 2024

ရေဖြူ ဇာဒီရွာက နေအိမ်ငါးလုံးကို စစ်ကောင်စီချိပ်ပိတ်

July 19, 2024

ပုံစာ - ဧပြီလက ဖျက်ဆီးခံရသည့် ဇာဒီ-ခေါင်ပြန်လမ်းတစ်နေရာ။ ဓာတ်ပုံ - ပေးပို့

ရေဖြူမြို့နယ်၊ ဇာဒီရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ယခု ဇူလိုင်လအတွင်း နေအိမ်ငါးလုံးကို ချိပ်ပိတ်လိုက်ကြောင်း ရွာသားများထံမှ သိရသည်။

ဇူလိုင်လ ၁၇ ရက်တွင် ဇာဒီရွာ သစ်လှတောရပ်ကွက်နှင့် ရွာမရပ်ကွက်တို့ရှိ နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းမတိုင်မီ ဇာဒီရွာအတွင်း စစ်ကောင်စီ စစ်ကြောင်းရှိနေစဥ်ကလည်း နေအိမ်လေးလုံးကို ချိပ်ပိတ်ခဲ့ပြီး အိမ်ရှင်များ၏ တောင်းဆိုချက်အရ နေအိမ်နှစ်လုံးကို ချိပ်ပိတ်ခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

“ကြတ်ခြေခတ်ပုံစံ အနီရောင်စာပြားကပ်ပြီး ချိတ်ပိတ်တယ်။ ပြီးတော့ ဒီအိမ်တွေမှာ ဘယ်သူမှနေလို့ မရဘူးဆိုပြီး ပြောခဲ့တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

PDF တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည့်နေအိမ်များဖြစ်၍ လာရောက်ချိပ်ပိတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။

ဇူလိုင်လ ၈ရက်နှင့် ၉ရက်တို့တွင်လည်း စစ်ကောင်စီတပ်က ဇာဒီရွာက နေအိမ်နှစ်လုံးကို ဘတ်ဟိုးဖြင့် ဖြိုချခဲ့သေးသည်။

ဧပြီလတွင် စစ်ကောင်စီတပ်က ဘတ်ဟိုးတူး၍ ဖျက်ဆီးထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်း နေရာ နှစ်ခုကို ရွာသားများက သွားလာနိုင်ရန် မြေဖို့ကာ ပြန်လည်ပြင်ဆင်ခဲ့သည်။

ယင်းနေရာနှစ်ခုအပြင် ဇာဒီရွာတံတားငယ်အနီးတစ်နေရာ စုစုပေါင်းသုံးနေရာကိုလည်း စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့် မြေတူးပြီး ထပ်မံဖျက်ဆီးခဲ့သေးကြောင်း ခေါင်ပြန်ရွာသားတစ်ဦးက ပြောဆိုသည်။

ဇာဒီရွာအတွင်း၌ စစ်ကောင်စီတပ်သားများ မရှိတော့သော်လည်း ခွေးမဖောရွာအဝင်လမ်းဆုံအနီးနှင့် မော်ကြီးရွာတို့တွင် စစ်ကောင်စီဂိတ်များ ဆက်ထိုင်ထားသဖြင့် ရွာသားများ နေရပ်မပြန်ရဲကြသေးကြောင်း ရွာသားများက ဆိုသည်။

“ခွေးမဖောလမ်းဆုံနဲ့ ဇာဒီက မိနစ်ပိုင်းနဲ့ ရောက်တယ်။ သူတို့ (စစ်ကောင်စီတပ်) က အဲဒီမှာနေပြီး ရွာထဲကို ကင်းပြန် လာလှည့်တယ်။ သူတို့မရှိတဲ့အချိန် ခဏပစ္စည်းဝင်ယူတာလောက်ပဲ ပြန်ရဲတယ်။ လုံးဝ ဝင်မနေရဲကြသေးဘူး” ဟု ရှောင်တိမ်း နေရဆဲ ဇာဒီရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၂၈ ရက်တွင် ခွေးမဖောရွာ အဝင်လမ်းအနီးပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဇာဒီအုပ်စုကို စစ်ကြောင်းထိုးခဲ့ ပြီး ရွာသားလေးဦး အသတ်ခံရကာ နေအိမ်၂လုံးဖြိုချခံရပြီး နောက်ထပ်နေအိမ်၂လုံးမီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။