BREAKING
December 28, 2024

လောင်းလုံးမြို့အနီးဝန်းကျင် ရွာများကို စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ထွက်ပြေး

July 19, 2024

လောင်းလုံးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့ပေါ် အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည့် ယနေ့ နံနက်ပိုင်းတွင် ညင်းမော်ရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အိမ်နောက် (ရွာအနောက်ဘက် တောတန်း) ကနေ ပေါ်လာတာ ရွာတွေထဲမှာတော့ လူမရှိတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထို့နောက် စစ်ကောင်စီ စစ်ကြောင်းသည် နံနက် ၁၁ နာရီကျော်တွင် ညင်းမော်ကျေးရွာအုပ်စုရှိ ရင်းဘုတ်ရွာသို့ ရောက်ရှိလာချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

“အခုထိ ပစ်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေရောပဲ။ ကျွန်မ မြင်နေတာ အိမ်နှစ်ဆောင်လောက်ရှိတယ် မီးခိုးတက်နေတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လတ်တလောဖြစ်ပွားနေသည့် အသေးစိတ်အခြေအနေတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသောကြောင့် လောင်းလုံးမြို့ အောက်ဘက် ကျေးရွာများဖြစ်သော ညင်းမော်၊ ရင်းဘုတ်၊ စစ်ပြဲ၊ ဂေါ့အင်း စသော ကျေးရွားတို့မှ ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းကစပြီး နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၁၃ ရက်ကစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။