မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲငါးရက်ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရသည်။
တနင်္သာရီ မောတောင်လမ်းပိုင်း သိန်ခွန်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနောက် ယနေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်ပြန်ဆုတ်သွားကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
သိန်ခွန်းကျေးရွာအုပ်စု သဲဖြူရွာဖက်မှ စစ်ကောင်စီတပ်ဗျူဟာရှိသည့် ရေဖြူရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။
“ဒီနေ့တော့ သဲဖြူရွာကနေ ရေဖြူဖက်ပြန်ဆုတ်သွားကြပြီ။ တဖြည်းဖြည်းနဲ့ တိုးလာတာ တိုးလို့မပေါက်တော့ ပြန်ဆုတ်သွားကြတာ” ဟု ၎င်းက ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့က ရေဖြူရွာဖက်မှ ကားကြီး ငါးစီး၊ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း ကော်သူးလေတပ်မတော် KTLF (tcjf) က ဇူလိုင်လ ၁၈ရက် ညက ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။
တိုက်ပွဲကို တနင်္သာရီပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် ဒရုန်းတပ်ဖွဲ့များ သွားရောက် စစ်ကူပေးကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တိုက်ပွဲငါးရက်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးရာချီပစ်ခတ်ခဲ့ပြီး ချောင်းနှစ်ပေါက်၊ သဲဖြူ၊ သိန်ခွန်းနှင့် ကွမ်းသီးတောရွာများက ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်က မောတောင်-ထုံခါလမ်းပိုင်းကို ပိတ်လိုက်ကြောင်း ဇူလိုင် ၁၆ ရက်နေ့က ကြေညာထားသည်။
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုတွင် ယခုနှစ်မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။