ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြီးမားနေပြီး စစ်ဘေးရှောင်တစ်ရာဝန်းကျင်မှာလည်း ကျန်းမာရေးမကောင်းဖြစ်နေကြောင်း စစ်ဘေးရှောင်အချို့က ပြောသည်။
ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်လာသောကြောင့် ဧကနိကျေးရွာနှင့်အနီးတစ်ဝိုက်က ဒေသခံ သုံးရာဝန်းကျင် တော၊ တောင်ထဲတွင် စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။
မိုးရာသီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးနှင့် ကုသပေးသူ မလုံလောက် ဖြစ်နေကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယင်းအပြင် သွေးတိုး၊ ဆီးချိုအပါအဝင် ရောဂါအခံရှိသူများလည်း ကျန်းမာရေးမကောင်းဖြစ်နေပြီး ကျန်းမာရေးမကောင်းသူ တစ်ရာဝန်းကျင် ရှိနေကြောင်း ၎င်းက ပြောဆိုသည်။
“သွေးလွန်တုပ်ကွေးဖြစ်လို့ အရမ်းအခြေအနေဆိုးတဲ့ ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဖျားနာတာက အိမ်တိုင်း (ယာယီတဲ) နီးပါးဖြစ်တယ်။ သွေးတိုး၊ ဆီးချိုသမားတွေအတွက် အရေးပေါ်ဆေးဝါးမရှိဘူး” ဟု အထက်ပါ စစ်ဘေးရှောင်က ဆက်လက် ပြောဆိုသည်။
စစ်ဘေးရှောင်များကို အရေးပေါ်ဆေးဝါးကုသပေးနေသည့် ကျန်းမာရေးစေတနာ့ဝန်ထမ်းမှာလည်း နေမကောင်းသဖြင့် ဆေးဝါးကုသမှုခံယူနေရသောကြောင့် စစ်ဘေးရှောင်ဆေးကုသပေးမည့်သူ မရှိဘဲဖြစ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များတွင် ဆောင်ထားလေ့ရှိသည့် စပ်ဆေးများဖြင့် ဖြေရှင်းနေကြရကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကြောင်းဝင်လာပြီးနောက် ဈေးသည်အများစုသည် ဧကနိကျေးရွာဘက်ကို မလာရောက်ကြတော့သည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေဖြစ်နေကြောင်း စစ်ရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တောထဲက အသီးရွက်တွေခူး၊ စုဆောင်းထားလို့ ကျန်နေတဲ့ ရိက္ခာနဲ့ပဲ အချင်းချင်း မျှဝေစားသောက်နေကြရတာ” ဟု ၎င်းက ပြောဆိုသည်။

ဧကနိရွာနှင့်အနီးဝင်းကျင်က ဒေသခံများမှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာလျှင် ထွက်ပြေးကြရပြီး စစ်ကြောင်းပြန်လျှင် အိမ်ပြန်လေ့ရှိကြကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်ကြောင်းမှာ ရွာအနီးဝန်းကျင်တွင်ရှိနိုင်သည့်အတွက် အိမ်မပြန်ရဲကြသေးကြောင်း ၎င်းတို့က ဆိုသည်။
“အခုဆိုရင် (စစ်ဘေးရှောင်နေရတာ) ခြောက်ရက်နီးပါးလောက်ရှိပြီရှင့်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
နဘူလယ်ဒေသသို့ ဝင်လာသည့်စစ်ကြောင်းသည် လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် မရင်းကြီး၊ ပရဒပ်၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဧကနိ စသည့်ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုဝင်ရောက်ခဲ့သည်။
စစ်ကြောင်းထိုးဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ဒေသခံ အမျိုးသား၊ အမျိုးသမီးတစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။