ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ရာဖူးကျေးရွာ၏ အနောက်ဘက် ကလယ်ရွာပတ်ဝန်းကျင်တွင် ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း ကလိန်အောင်ဒေသခံများက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ်တစ်စင်းနှင့် ဂျက်ဖိုက်တာတစ်စင်း ရာဖူးရွာဘက်သို့ ဦးတည် ပျံသန်းသွားသည်ကို မြင်ရပြီးနောက် ပေါက်ကွဲသံ နှစ်ချက်ကြားရကြောင်း ဒေသခံများက ဆိုသည်။
“မနက်ကစပြီး လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေတယ်။ တစ်ချက်ပျောက်သွားလိုက် ကြားလိုက်ပဲ။ အသံအကျယ်ဆုံးနှစ်ချက်က (မွန်းလွဲ) ၁နာရီနဲ့ ၂နာရီအကြားမှာ ကြားလိုက်တယ်။ လေယာဉ်ပျံနှစ်စီးကတော့ မြို့ထဲဘက်က လူတွေ မမြင်ရဘူး ။ ကျောက်ရှပ်၊ ဇင်းဘာဘက်တွေက မြင်လိုက်ကြတယ်” ဟု ကလိန်အောင် မြို့ခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးမဟာမိတ်အင်အားစုတွင် ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ်ထံ ဆက်သွယ်မေးမြန်းရာ လေကြောင်းတိုက်ခိုက်မှုရှိခဲ့သည်ဟုသာ လက်တလော ဖြေကြားနိုင်သေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နိုင်နဂါးက ပြောဆိုသည်။
တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့တွင် နှစ်ဘက်ထိခိုက်မှုအခြေအနေနှင့် အရပ်သားထိခိုက်မှု ရှိမရှိတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မြေပြင်အခြေအနေကို အတည်ပြုနိုင်ရန် ရာဖူးရွာဒေသခံများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် အဆက်အသွယ် မရသေးပေ။
ရာဖူးရွာတွင် ယာယီအထိုင်ချထားသည့် စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၁၁ ရက်တွင် တော်လှန်အင်အားစုဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် ကလယ်ရွာဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးသွားကြောင်း တော်လှန်ရေးအင်အားစု များထံမှ သိရသည်။
ယင်းစစ်ကြောင်းသည် ကျေးရွာများဘက်သို့ ဇွန်လ ၁၆ ရက်ကစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း တော်လှန်ရေး မဟာမိတ်အင်အားစုတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေး-ထားဝယ် ကားလမ်းပိုင်း မလွှဲတောင်အပိုင်း၌ ဇွန်လ ၃ ရက်စ၍ မလွှဲတောင်ဘက်သို့ဦးတည်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုများအကြား ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။