BREAKING
January 22, 2025

တနင်္သာရီတိုင်းတွင် ကျောင်းဖွင့်လှစ်နိုင်မှု လျော့ကျ၊ ယမန်နှစ်ထက် ကျောင်းတစ်ရာကျော်နည်း

June 19, 2024

စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာသည့် တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းဖွင့်လှစ်နိုင်မှု လျော့ကျလာပြီး ယမန်နှစ်ထက် ကျောင်းတစ်ရာကျော် လျော့နည်းသွားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

တိုင်းအတွင်း အခြေခံပညာကျောင်း ၁၃၀၀ ကျော်ရှိသည့်အနက် ယမန်နှစ်က ၁၀၁၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုးရာခန့်သာ ဖွင့်လှစ်နိုင်သေးကြောင်း အဆိုပါရုံးထံမှ သိရသည်။

နယ်ဘက်ဒေသက ကျောင်းသားမိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများ မြို့ပေါ်ကို ပြောင်းရွှေ့ပညာသင်သူများလာသဖြင့် နယ်ဒေသတွင် ကျောင်းဖွင့်လှစ်နိုင်သည့် အရေအတွက် လျော့နည်းသွားခြင်း ဖြစ်နိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) က ပြောသည်။

“ဖွင့်လှစ်နိုင်တဲ့ ကျောင်းအရေအတွက် နည်းသွားပေမယ့် ပညာသင်ယူတဲ့ ကျောင်းသားအရေအတွက်တော့ လျော့မသွားဘူး။ တိုးတောင်တိုးလာသေးတယ်။ အဓိကတော့ အေးအေးချမ်းချမ်းနဲ့ လုံခြုံစွာပညာသင်ကြားနိုင်မယ့် မြို့ပေါ်ကို ရွေးချယ်လာကြ တာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကျောင်းတက်သူ နှစ်သိန်းတစ်သောင်းကျော်ရှိပြီး ယခုနှစ်တွင် ကျောင်းတက်သူ နှစ်သိန်းနှစ်သောင်းကျော် ရှိသဖြင့် တစ်တိုင်းလုံးတွင် ကျောင်းသားဦးရေ တစ်သောင်းကျော်တိုးလာကြောင်း တိုင်းပညာရေးမှူးက ပြောသည်။

မဖွင့်နိုင်သေးသည့် ကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန်အတွက် ရပ်ရွာလူကြီးများ၊ ကျောင်းသားမိဘများနှင့် ပညာရေး ဌာနက ဆရာ၊ ဆရာများ ညှိနှိုင်းနေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယခုနှစ်အတွင်း တိုင်းထဲတွင် စခန်းသိမ်းတိုက်ပွဲများဖြင့် စစ်ရေးပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု များလည်း ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးရမှုအပါအဝင် နေရပ်စွန့်ခွာထွက်ပြေးမှု မြင့်တက်နေသည်။

ထို့ကြောင့် နယ်ဒေသများတွင် ကျောင်းများ မဖွင့်လှစ်နိုင်သလို လုံခြုံရေးစိတ်မချရသဖြင့် ကျောင်းသား၊ ကျောင်းသူများကို မိဘများက မြို့ပေါ်ကျောင်းများတွင် အပ်နှံလာကြကြောင်း ထားဝယ်ခရိုင်က ဒေသခံကျောင်းသားမိဘများကို မေးမြန်းချက်များအရ သိရသည်။

စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းတွင် မထားသည့် ဒေသတို့၌ ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်လှစ်သင်ကြားပေး နေကြောင်း တော်လှန်ရေးနယ်မြေတွင် ကိုယ်ထူကိုယ်ထကျောင်း ဖွင့်လှစ် သင်ကြားပေးနေသည့် ဆရာတစ်ဦးက ပြောသည်။

“ကျွန်တော်တော့လေ အခုချိန်မှာ စစ်ကောင်စီကျောင်းပဲတက်တက်၊ ဘယ်ကျောင်းပဲတက်တက် ကိုယ်နဲ့နီးစပ်ရာမှာ သင်ယူတာတော့ ကျွန်တော်အနေနဲ့ ဗွေမယူဘူးပေါ့နော်၊ အပြစ်မမြင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကလေးတွေက ကျောင်းမနေရတာ တော်တော်လေးနစ်နာနေပြီလေ” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းကာလတွင် စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်ခြင်း၊ မလုံခြုံခြင်း၊ ကျောင်းမဖွင့်ရန် တော်လှန်ရေး အဖွဲ့အချို့၏ ဖိအားပေးမှုတို့ကြောင့် စစ်ကောင်စီ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းတက်နှုန်းများ လျော့ကျခဲ့သည်။

“မနှစ်က လက်နက်ကိုင်တပ်ဖွဲ့တွေ ကျောင်းမဖွင့်ဖို့လာပြောပြီးတည်းက ကျောင်းမဖွင့်နိုင်တော့ဘူး။ ဒီနှစ်လည်း မဖွင့်ဘူး” ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲက ဆရာမတစ်ဦးက ပြောသည်။

စစ်အာဏာမသိမ်းခင်က တနင်္သာရီတိုင်းတွင် ကျောင်းပေါင်း ၁၃၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ သုံးသိန်း တစ်သောင်းကျော်နှင့် ဆရာ၊ ဆရာမ ၁၅၀၀၀ ကျော် ရှိခဲ့ကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

အာဏာသိမ်းကာလတွင် ကျောင်းပေါင်း ၁၀၀၀ ဝန်းကျင်အထိသာ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူ၊ ကျောင်းသား နှစ်သိန်းခန့်နှင့် ဆရာ၊ ဆရာမ ၈၀၀၀ ခန့်သာ ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။