ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးရှိ မူးဒူးရွာကို ယနေ့ ဇွန်လ ၁၉ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံများကပြောသည်။
ယနေ့ နံနက်ပိုင်းကစပြီး မူးဒူးရွာအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ မူးဒူးရွာသို့ ဝင်ရောက်လာကြောင်း ဒေသခံတို့က ဆိုသည်။
“ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ အခု (စစ်ကောင်စီတပ်ဖွဲ့) သူတို့ရွာထဲမှာ သွားနေကြတယ်လို့တော့ သိရတယ်” ဟု မူးဒူးရွာသားတစ်ဦးကပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၈ ရက်ကစပြီး ရေဖြူမြို့မှ ကုန်းကြောင်းအတိုင်း ပုဂေါဇွန်းရွာနှင့် သစ်တိုထောင့်ရွာတို့ကို စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
ယင်းသို့ ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျေးရွာအတွင်း ကျန်ရစ်ခဲ့သူများလည်း ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။
“ဖမ်းထားတဲ့သူတွေတော့ အားလုံးပြန်လွှတ်ပေးခဲ့တယ်။ ဆိုင်တွေမှာတော့ ရိက္ခာအတွက် လိုချင်တာယူပြီး ညက ထွက်သွားတာပဲ” ဟု ပုဂေါဇွန်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ထိုစစ်ကြောင်း နှစ်ကြောင်းပေါင်း၍ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း အနီးတွင် ရှိသည့် မူးဒူးရွာသို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် မူးဒူးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသလို ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲရှိ နဘုလယ်ဒေသခံများမှာလည်း အခြေအနေစောင့်ကြည့်နေကြရကြောင်း နဘုလယ်ဒေသ အမျိုးသားတစ်ဦးက ဆိုသည်။
“ဒီညတော့ သတိထားနေရတာပေါ့လေ။ သူများတော့ အဝတ်အစားတွေ ထုပ်နေကြပြီ။ အခြေအနေ စောင့်ကြည့် နေကြတာပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကြောင်းဝင်လာစဥ် ယနေ့ နံနက်ပိုင်းတွင် ရလှိုင်ရွာ၏ အနောက်ဘက် မူးဒူးရွာအနီး စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်သေးကြောင်း ပြောဆိုမှုများရှိသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ထားဝယ်မြို့၏ အနောက်ဘက် ၁၇ မိုင်ခန့် အကွာတွင်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရှရှားနိုင်ငံနှင့် စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်ရန်ရှိနေသည့်အတွက် စစ်ကြောင်း ထိုးနေခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။