BREAKING
October 19, 2024

ထိုင်းတွင် မြန်မာ CI စခန်းနှစ်ခုကို ပိတ်ပြီး ကျန်ခြောက်ခုကို ပုံမှန်အတိုင်း ပြန်ဖွင့်မည်

June 19, 2024

ပုံစာ - စမွတ်ပရကန်ရှိ CI စခန်းတစ်နေရာ

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေး မြန်မာစခန်းနှစ်ခုကို ပိတ်သိမ်းပြီး ကျန်ခြောက်ခုကို ယနေ့ ဇွန်လ ၁၉ ရက်မှစ၍ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း CI စာအုပ် ထုတ်ပေးရေးစခန်း များထံမှ သိရသည်။

ဆုန်ခလာနှင့် နခွန်စဝမ်ခရိုင်တို့ရှိ CI စခန်းနှစ်ခုကို ပိတ်သိမ်းကာ မဟာချိုင်၊ ချွန်ဘူရီ၊ စူရတ်ဌာနီ၊ စမွတ်ပရကန်၊ ပထုံဌာနီနှင့် ချင်းမိုင်ရှိ Mobile စခန်းများကို ပုံမှန်ဖွင့်လှစ်ပေးထားကြောင်း နခွန်စဝမ် CI စခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

CI စာအုပ်များကို ခရိုင် ၈ ခုရှိ စခန်းများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ ပုံမှန်အတိုင်း ထုတ်ပေးနေရာမှ ထိုင်းအစိုးရဘက်က ဇွန်လ ၁၆ ရက်မှစ၍ ပိတ်သိမ်းရန် စာထုတ်ညွှန်ကြားခဲ့သဖြင့် CI စခန်းများ ပိတ်သိမ်းမည်ဆိုသော သတင်းများ ပျံ့နှံ့လာခဲ့သည်။

ထို့နောက် ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း CI စခန်းများကို ယာယီပိတ်သိမ်းခဲ့ကြ‌ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ဆုန်ခလာခရိုင်နှင့် နခွန်စဝမ်ခရိုင်ရှိ CI စခန်းများကို ပိတ်သိမ်းပြီး ကျန်စခန်းများကို ဇွန်လ ၁၉ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်သွားရန် ထိုင်းအစိုးရက ယမန်နေ့က စာထုတ်ထားသည်ကို တွေ့ရသဖြင့် ယနေ့မှစ၍ ပုံမှန်အတိုင်းဆက်ဖွင့် သွားမည် ဖြစ်ကြောင်း စူရတ်ဌာနီ CI စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီစခန်းတွေကိစ္စနဲ့ ပက်သက်လို့ မြန်မာဘက်ကလည်း ဘာမှ စာထုတ်ညွှန်ကြားတာမျိုးလည်း မရှိသေးဘူး။ ထိုင်းဘက်က စာထုတ်ထားတာတော့ ကျွန်မတို့လည်း တွေ့တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ဆီ ရောက်မလာသေးဘူး။ (ဇွန်လ ၁၈ရက် ထုတ်) ဒီစာအရပဲ စခန်းတွေကို ပုံမှန်အတိုင်း ဖွင့်သွားပါမယ်” ဟု ၎င်းက ပြောဆိုသည်။

စခန်းများကိုလည်း မည်သည့်အချိန်အထိ ဆက်လက်ဖွင့်လှစ်ထားမည်ဆိုသည်ကိုမူ မြန်မာနိုင်ငံဘက်က တိတိကျကျညွှန်ကြားထားခြင်း မရှိသေးသဖြင့် မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် CI စာအုပ် မပြုလုပ်ရသေးသော မြန်မာအလုပ်သမားများအနေဖြင့် CI စခန်းများတွင် အမြန်ဆုံး လာလုပ်ကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

လက်ရှိတွင် နခွန်စဝမ်နှင့် ဆုန်ခလာခရိုင်ရှိ စခန်းများကို ပိတ်ထားပြီဖြစ်ပြီး ကျန်စခန်းများတွင် CI ပြုလုပ်နိုင်သေးကြောင်း နခွန်စဝမ် CI စခန်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျန်တဲ့စခန်း ၆ ခုက ဖွင့်ထားသေးတယ်ဆိုတော့ စာအုပ်လုပ်ဖို့ ကျန်နေသေးတဲ့သူတွေက အဲဒိစခန်းတွေမှာ သွားလုပ်လို့ ရပါသေးတယ်” ဟု ၎င်းက ပြောသည်။

CI စခန်းများကို မည်သည့်နေ့ရက်အထိ ဖွင့်ပေးမည်ဆိုသော တိတိကျကျသိရှိနိုင်ရန်အတွက် ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိထံ Dawei Watchက ယနေ့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံး၏ ပြီးခဲ့သော ဖေဖော်ဝါရီလက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင်မူ CI စခန်းများကို ဖေဖော်ဝါရီလ ၂၃ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) ပြုလုပ်ထားပြီး နိုင်ငံကူးလက်မှတ် မရှိသေးပါက CI စာအုပ်ပြုလုပ်ပြီး အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းမှသာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်၊ ခရီးသွားခွင့်များ ရရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် CI စာအုပ်မပြုလုပ်ရသေးသော မြန်မာအလုပ်သမားများအနေဖြင့် စခန်းများ ဖွင့်လှစ်နေသည့်အချိန်အတွင်း အချိန်မီ ပြုလုပ်ကြရန် အလုပ်သမားအဖွဲ့အစည်းများကလည်း တိုက်တွန်းထားသည်။