မတရားဖမ်းဆီး အကျဉ်းချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်တွင် ယနေ့ (ဇွန် ၁၉) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်တစ်ခုဖြစ်သော “စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ယင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီက တရားမဲ့ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး စသောကြွေကြော်သံများဖြင့် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းလူထုလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပြီး ဒေသခံငါးရာကျော်က အဖြူရောင်အင်္ကျီများဝတ်ဆင်ပြီး နှင်းဆီးပန်းကိုင်ဆောင်ကာ ပူးပေါင်းပါဝင်ခဲ့ကြသည်။













