ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ (ဇွန် ၁၉) ည ၇ နာရီအချိန်ခန့်တွင် စတင် ကျင်းပခဲ့သည်။
ဘောလုံးပွဲမကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအတ္ထုပတ္ထိကို ဗီဒီယိုဖြင့် ပြသခဲ့ပြီး တက်ရောက်လာကြသော မြန်မာနိုင်ငံသားများက “ခွန်အားဖြင့် မိငယ်” သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရန်၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်း၍ မွေးနေ့သီချင်းကို သီဆိုခဲ့ကြသည်။
ယင်းအစီအစဉ်များအပြီးတွင် ဘောလုံးပွဲကို အုပ်စုများခွဲကာ ယှဉ်ပြိုင်ကစားကြပြီး အနိုင်ရရှိသည့် အသင်းများကို ဆုတံဆိပ်များ၊ ဆုဖလားများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးပွဲ လာရောက်ကြည့်ရှု အားပေးသူများအား မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ဘောလုံးပွဲမှ ရရှိသော ရန်ပုံငွေများကို ပြည်တွင်းရှိ စစ်ဘေးရှောင် ဒေသများသို့ ပေးအပ်လှူဒါန်းသွားမည်ဟု သိရသည်။








