BREAKING
January 17, 2025

ထားဝယ်အရှေ့တောဒေသတွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ

June 19, 2023

Photo - သတင်းနှင့်ပြန်ကြားရေးဌာန - စစ်ဒေသခွဲအမှတ် ၃

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဇွန်လ ၁၅ ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းနှင့် ယာဉ်တန်းသည် ထားဝယ်မှ ပကာရီ၊ ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည်ဟု ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများက ဆိုသည်။

ဇွန်လ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီး(၈မိုင်)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းငယ်ကို ထားဝယ်စုပေါင်းစစ်ကြောင်းက ၄၀ မမ၊ ၆၀ မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ရာ ၁ နာရီကြာ နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ထားဝယ်စုပေါင်းစစ်ကြောင်း၏ ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက်က ဆိုသည်။

ယင်းနေ့ ညနေ ၃ နာရီတွင်ပင် သင်္ကန်းတုံးရွာတွင် ထားဝယ်စု‌ပေါင်းစစ်ကြောင်း၊ ဥဩစစ်ကြောင်းနှင့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် ခြေလျှင်စစ်ကြောင်းတို့ ၃ နာရီခန့်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ ပစ်ခတ်မှုနှစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သေဆုံးမှုမရှိသော်လည်း စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးကြောင်း သတင်းရရှိပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူ ကိုရေလှိုင်းက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့တွင်လည်း နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၇ နာရီခန့်အထိ ဝကုန်းရွာနှင့် ဗဲ့မဲ့တတ်တောင်‌ကြောတွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းနှင့် ယာဉ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူတို့နှင့် ဒေသခံတို့က ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၇ ဦးခန့်‌သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိတစ်ဦးက အတည်ပြုပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း(၁)-T1 မှ PDF နှစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။

“PDF နှစ်ဦးကို ထုထောင်းရိုက်နှက် သတ်ဖြတ်ထားတာ မြင်မကောင်းဘူး၊ မသေခင်တော်တော်နှိပ်စက်ထားတယ် ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အဆိုပါစစ်ကြောင်းတွင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများလိုက်ပါလာပြီး ဟိန္နားသတ္တုမိုင်းကိုလာကြည့်သည်ဟုလည်း ၎င်းကပြောဆိုသည်။

PDF နှစ်ဦးထိခိုက်ကျဆုံးမှုနှင့် ပတ်သက်ပြီး T1 က တာဝန်ရှိသူတစ်ဦးကို ‌ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ရန်ရှိသဖြင့် ထုတ်ပြန်ပြီးမှသာ ဖြေကြားပေးမည်ဟု ပြန်လည်ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် သင်္ကန်းတုံးရွာမှ နေအိမ်အချို့ကို ဝင်ရောက်စခန်းချနေထိုင်ခဲ့ပြီး အိမ်တွင်းရှိ စက်ဘီးအပါအဝင် ပစ္စည်းအချို့ကိုယူသွားသည်ဟု သင်္ကန်းတုံးရွာက ဒေသခံအချို့က ပြောသည်။

အဆိုပါစစ်ကြောင်းတွင် မြေသယ်ကား၊ စစ်ကား(ဖောကား) ၁၅ စီးခန့်၊ ကားသေး ၃ စီးခန့်လိုက်ပါလာသည်ဟု ဒေသသတင်းအရင်းအမြစ် အချို့က ဆိုသည်။