မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီရပ်ကွက် ပေ ၆၀ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားသည့် နေအိမ်ရှေ့တွင် ဈေးမရောင်းချရန် သတိပေးခံရကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။
အဆိုပါနေအိမ်ရှေ့ မျက်နှာစာတွင် ဒူးရင်းသီးများ လာရောက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးအား ဈေးမရောင်းချရန် ဇွန်လ ၁၇ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီဘက်က တာဝန်ရှိသူတို့ အရပ်ဝတ်ဖြင့် လာရောက် သတိပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“ကားနဲ့လာပြီး ဖယ်ခိုင်းသွားတာ။ ဒူးရင်းသီးရှင်က ဒီနားတဝိုက်က မဟုတ်ဘူး။ ရွာဘက်ကနေ လာရောင်းတာ ထင်တယ်။ ဒူးရင်းသီးတွေက အပုံလိုက်ကြီးနဲ့ ရောင်းနေတာ” ဟု ပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါနေအိမ်ရှေ့တွင် ဒူးရင်းသီးများ ရောင်းချနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းနေအိမ်မှာ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဒေါ်ရှင်ဌေး၏ နေအိမ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ချိပ်ပိတ်ခံထားရခြင်းဖြစ်သည်။ နေအိမ်နှင့်ကပ်လျက်တည်ရှိသည့် ပန်းအိပ်မက် တည်းခိုရိပ်သာမှာလည်း တစ်ရက်တည်း ချိပ်ပိတ်ခံခဲ့ရသည်။

PDF နှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းပြီး မကျူးကျော်ရ၊ ရောင်းဝယ်ခြင်းမပြုရ စာသားပါ ဗီနိုင်းပြား ကပ်ထားသည်။
သို့သော် ဒူးရင်းသီးများ ရောင်းချသည့်အချိန်တွင် အဆိုပါဗီနိုင်ပြား ချိတ်ထားခြင်းမရှိကြောင်း ရပ်ကွက်နေသူတို့က ဆိုသည်။
“မိုးနဲ့လေနဲ့ဆိုတော့ ဗီနိုင်ပြားက မတွေ့ရတာကြာပြီ။ စုတ်ပြဲပြီး လွှင့်သွားပြီထင်တယ်” ဟု ပေ ၆၀ လမ်းပေါ် ဖြတ်သန်းသွားလာနေသူတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌဟောင်း ဦးမြတ်ကိုကို၏ နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ရသည်။