မြိတ်ခရိုင်တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့ဆိုလျှင် သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။
တနင်္သာရီမြို့နယ်၊သမီးလှရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယနေ့ဇွန်လ ၁၉ ရက်နေ့တွင်လည်း ထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများ ထံမှသိရသည်။
“ဒီနေ့လည်း နံနက် ၈ နာရီလောက်မှာ တစ်ကြိမ်ဖြစ်သေးတယ်။ အသေအပျောက်တော့ မကြားရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။
ယနေ့နေ့လယ်တွင်လည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုထပ်မံဖြစ်ပွားနေပြီး ဗောဓိကမ်းကျေးရွာစစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟုဒေသခံများ ကပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်လင်ရွာဒေသခံအမျိုးသမီးကြီးတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ သမီးလှအရှေ့ရွာအနီးတွင် ၆ နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း ကော်သူးလေတပ်က ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဇွန်လ ၁၈ ရက်တွင် စစ်ကောင်စီတပ်များ တောလမ်းအတိုင်း ပြန်လည်ဆုတ်ခွါခဲ့ရာ ကျွဲထိန်းကုန်းရွာအနီးအရောက်တွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ဒရုန်းဖြင့်ပါ ဗုံးချတိုက်ခိုက်ခဲ့သေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကပြောသည်။
“မနေ့က ထိတွေ့မှု သုံးလေးကြိမ်ဖြစ်တယ်။ ကြားဖြတ်တိုက်ပြီး ပြန်ဆုတ်ချိန် ဒရုန်းသုံးစီးနဲ့ တပြိုင်တည်းလိုက်ချတာ။ အရာရှိတစ်ယောက်အပါအဝင် အငယ်သားတွေလည်း ထိတယ်လို့ကြားရတယ်။ ဘယ်နှစ်ဦးဆိုတာတော့ မသိရသေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူကပြောသည်။
ဇွန်လ ၁၇ ရက်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်း KTLA(TCJF) ကော်သူးလေတပ်မှ ထုတ်ပြန်ထားပြီး မနေ့က ထိခိုက်ကျဆုံးမှုကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
အဆိုပါတိုက်ပွဲကို ကော်သူးလေတပ်၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအဖွဲ့၊ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ မြိတ်ပကဖ၊ တောပုန်းကြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့မှ တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
နှစ်ဖက်တိုက်ပွဲကြောင့် အနီးအနားကျေးရွာ ဆယ်ရွာခန့်မှ ဒေသခံများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရဟု ဒေသခံများထံမှသိရသည်။