BREAKING
December 26, 2024

မွန်တွင် နှစ်ရက်အတွင်း ကိုဗစ်လူနာ ၁၀၀ ကျော်တွေ့

June 19, 2021

မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇွန်လ ၁၉ ရက်နေ့ စစ်ဆေးချက်အရ မော်လမြိုင်မြို့နယ် တစ်ခုတည်းတွင် ကိုဗစ်အတည်ပြုလူနာ ၃၈ ဦးအထိ တွေ့ရှိခဲ့ပြီး သံဖြူဇရပ်မှ ၂၀ ဦး၊ သထုံမှ ၇ ဦး စုစုပေါင်း ၆၅ ဦးနှင့် ဇွန်လ ၁၈ ရက်နေ့တွင် ၃၆ ဦး တွေ့ရှိထားသည်။

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာသည်။ ဇွန်လဆန်းပိုင်းခန့်မှစပြီး ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည့်အပြင် သေဆုံးသူလည်း ၅ ဦးအထိ ရှိလာခဲ့သည်။

ကိုဗစ်အတည်ပြုလူနာများအနက် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိသူအများစုဖြစ်ပြီး ပြည်ပမှ ပြန်ဝင်လာသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

“မသင်္ကာလို့ လာစစ်ကြတဲ့သူတွေ အများစုက Positive ဖြစ်နေကြပြီး သူတို့ contact တွေကို ပြန်စစ်လိုက်ရင်လည်း ပိုးထပ်ကူးစက်ခံထားရတွေ တွေ့နေရတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုးကူးစက်ခံထားရသူများကို မော်လမြိုင်ဆေးရုံ Isolation Ward-1 နှင့် Isolation Ward-3 တို့တွင် တက်ရောက် ဆေးကုသမှုခံယူနေကြရသည်။