တိုင်းနှင့် ပြည်နယ်သုံးခုတွင် ယခုမေလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲတတ်သည့်စစ်လက်နက်အကြွင်းအကျန်တို့ကြောင့် လူ ၁၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။
ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ယခုလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရရှိရာတွင် ကလေးငယ် ၁၀ကျော် ပါဝင်နေပြီး ထိခိုက် ဒဏ်ရာရသူများတွင် ခြေထောက်ဆုံးရှုံးသူ များသည်ကို တွေ့ရသည်။
ရှမ်းမြောက်က မန်တုံ၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီမြို့နယ်များနှင့် ရှမ်းတောင်က ဆီဆိုင်၊ ပင်လောင်းမြို့နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများနှင့် တိုင်းရင်းသား လက်နက်ကိုအဖွဲ့အချို့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။
ရခိုင်ပြည်နယ်က ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်းမြို့နယ် ခြောက်ခုတွင်လည်း ယခုလ အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် လူနှစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ရမ်းဗြဲမြို့တွင် မေလ ၁၆ ရက်က စစ်ကျန်ဗုံးတစ်လုံးကို ကလေးငယ်တို့ ယူဆောင်ရာ ပေါက်ကွဲမှုဖြစ်စဉ်တွင် ကလေးနှစ်ဦး အပါအဝင် လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရာတွင် အသက် ၁၈နှစ်အောက် လူငယ်နှင့် ကလေး ခြောက်ဦးထက်မနည်း ပါဝင်နေသည်။
စစ်ကိုင်းတိုင်း တမူးမြို့နယ်က ကျေးရွာနှစ်ရွာတွင်လည်း မြေမြှုပ်မိုင်းနင်းမိပြီး လူသုံးဦးသေဆုံးခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ၏ မေလ ၁၆ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ရပ်တွင် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တို့၏ အန္တရာယ်မှာ ပဋိပက္ခဒေသများတွင် ပိုမိုကြီးမားလာနေကြောင်း ဖော်ပြသည်။
မေလ ၂ရက်နှ ၉ရက်အထိ ချင်းပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်တို့ကြောင့် အရပ်သား ခြောက်ဦး အသက်ဆုံးရှုံးပြီး ငါးဦး ထိခိုက် ဒဏ်ရာရကြောင်းလည်း ဖော်ပြသည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်က မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲတတ်သည့် စစ်လက်နက်အကြွင်း အကျန်များကြောင့် ကလေးငယ်နှစ်ရာကျော်အပါအဝင် လူတစ်ထောင်ကျော် သေဆုံးဒဏ်ရာရကြကြောင်း ဖော်ပြသည်။