လေကြောင်းဖြင့် ရန်ကုန်မှ မြိတ်သို့လာမည့် ခရီးသွားများအနေဖြင့် တည်းခိုနေထိုင်မည့်ရပ်ကွက်အမည်ကို ခရီးသွား ထောက်ခံစာတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြ ယူဆောင်လာရမည်ဟု ညွှန်ကြားထားကြောင်း လေယာဉ်လက်မှတ် ရောင်းသည့် အေဂျင့်အချို့ထံမှ သိရသည်။
လေကြောင်းလိုင်းများမှတစ်ဆင့် ပေးပို့လာသည့် ညွှန်ကြားချက်တွင် မေလ ၈ရက်နေ့မှစကာ ခရီးသည်များအနေဖြင့် မိမိနေထိုင်သည့် ရပ်ကွက်ရုံးတွင် ခရီးသွားထောက်ခံစာယူချိန်၌ မြိတ်မြို့တွင်နေထိုင်တည်းခိုမည့် ရပ်ကွက်နှင့် နေရာကိုပါ ဖော်ပြပါရှိရမည်ဟု ညွှန်ကြားထားကြောင်း ၎င်းတို့က ပြောသည်။
သို့သော် တနင်္သာရီတိုင်းမှတ်ပုံတင် (၆/မျဉ်းစောင်း) ကိုင်ဆောင်ထားသူများမူ အကျုံးမပါကြောင်း ၎င်းတို့က ဆိုသည်။
“မြန်မာအမျိုးသားလေကြောင်းလိုင်းက တရားဝင်ကို ညွှန်ကြားထားတာပါ။ ရန်ကုန်ကနေ မြိတ်ကိုလာတဲ့ သူတွေအနေဖြင့် ထောက်ခံစာမှာ တည်းမယ့်နေရာ အချက်အလက်ဖြည့်လာပေးဖို့ပေါ့။ မဖြည့်လာလို့ ကွင်းရောက်တဲ့အခါ စစ်ဆေးရင် လာတဲ့ ဧည့်သည့်တွေမှာပဲ အခက်တွေ့နိုင်တယ်”လို့ အမည်မဖော်လိုသည့်လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးက ပြောသည်။
မြိတ်မြို့မှ နေထိုင်ရာ ရန်ကုန်သို့ ပြန်မည့်ဧည့်သည်များကမူ မြိတ်မြို့မှယူလာသည့် ထောက်ခံစာကို အသုံးပြုနိုင်ကြောင်းကို မြိတ်မှ ရန်ကုန်သို့ ခရီးသွားခဲ့သူတစ်ဦးက ပြောဆိုသည်။
မြိတ်မြို့မှ ရန်ကုန်သို့ (နိုင်ငံ့ဝန်ထမ်းမပါ) ခရီးသွားများအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူပါက မြိတ်ရှိ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှ ရောင်းချပေးရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယခုနှစ် ဇန်နဝါရီလ ၉ရက်နေ့က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့နှင့် မြိတ်မြို့သို့ အမြဲတမ်းခရီးသွားလေ့ရှိသူတစ်ဦးကမူ ယခုကဲ့သို့ ကန့်သတ်ချက်အမျိုးမျိုးဖြင့် တိုးမြှင့်ချုပ်ချယ်လာသည်မှာ မဖြစ်သင့်ကြောင်း ဝေဖန်ပြောဆိုသည်။
“မဖြစ်သင့်ဘူးပေါ့။ ပြည်သူတွေရဲ့ ဒေတာအချက်အလက်ကို အတင်းစုပြီး ထိန်းချုပ်ချင်တာလို့ပဲထင်တယ်” ဟု အထက်ပါ ခရီးသွားက ပြောသည်။
ရန်ကုန်မှ မြိတ်မြို့သို့လာရောက်မည့်သူများအနေဖြင့် တည်းခိုမည့်နေရာဖော်ပြပါရှိသည့် ထောက်ခံစာယူလာရရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရုံးချုပ်၏ ဖုန်း +၉၅၁၃၇၈၆၀၃ ကို ဆက်သွယ်မေးမြန်းရာ ရန်ကုန်လေဆိပ်ကိုသာ မေးမြန်းရန် တုံ့ပြန်သည်။
ထိုကြောင့် Dawei Watch အနေဖြင့် ရန်ကုန်လေဆိပ်၏ ဖုန်း ၀၉၅၀၈၇၁၉၃ ကို သုံးကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
ရန်ကုန်-ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် ခရီးသွားများမှာ လေကြောင်းခရီးကို ပိုမိုစီးနင်းသွားလာနေကြသည်။