BREAKING
September 7, 2024

အသီးဘုရင်ရဲ့ ကောင်းကျိုးဆိုးပြစ်

May 19, 2024

အသီးတကာတို့ရဲ့ ဘုရင်အဖြစ်သတ်မှတ်တင်စားခံထားရတဲ့ ဒူးရင်းသီးဟာဆိုရင် အီဆိမ့်တဲ့အရသာကြောင့် ချစ်ခင်မြတ်နိုးစွာ စားသုံးကြတဲ့သူတွေ များလှသလို အနံ့မခံနိုင်တာကြောင့် မနှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။

ဒူးရင်းသီးကို အရှေတောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာ အများအပြား စိုက်ပျိုးကြပြီး မြန်မာ၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့မှာလည်း စိုက်ပျိုးကြပါတယ်။

သူ့ရဲ့ထူးခြားတဲ့ အနံ့ကြောင့် လေဆိပ်တွေနဲ့ ဟိုတယ်အများစုက ဧရိယာအတွင်းကို ယူဆောင်သွားလာတာကို ပိတ်ပင်ထားတတ်ကြပါတယ်။ ဒူးရင်းသီးရဲ့ အသွင်အပြင်မှာလည်း တခြားသော အသီးတွေနဲ့မတူ တမူထူးခြားတာကြောင့် သယ်ယူတင်ပို့ရာမှာလည်း အခက်တွေ့ပါတယ်။

ဒူးရင်းသီးကို စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်စားသုံးတဲ့ အမာခံပရိသတ်တွေရှိသလို တခြားတစ်ဖက်မှာလည်း “အဆိပ်သီး” ကို စားလေသလားလို့ ဝေဖန်တာတွေလည်း ယနေ့ခေတ် ဆိုရှယ်မီဒီယာမှာ ခေတ်စားလျက်ရှိပါတယ်။

ဒူးရင်းသီးရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘယ်လိုရှိပါသလဲ။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ယနေ့ခေတ် အစားအသောက်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း ဒီအင်အေဖြစ်စဉ်အတွက် အရေးပါလှတဲ့ ပရိုတိန်းဓာတ်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် ဆဲလ်အသစ်ဖြစ်စဉ်ကို ထိခိုက်လာစေပြီး ကင်ဆာဆဲလ်တွေကို ပေါက်ဖွားစေပါတယ်။

ဒါကြောင့် ရာသီပေါ်သီးနှံဖြစ်ပြီး ဗီတာမင်ကြွယ်ဝတဲ့ ဒူးရင်းသီးကို စားသောက်ပေးတာဟာ ကင်ဆာဆဲလ် ဖြစ်ပွားမှုကနေ တားဆီးပေးနိုင်ပါတယ်။ ကင်ဆာဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင် ပါတယ်။ ဒူးရင်းသီးမှာ ပါဝင်တဲ့ သဘာဝဓာတ်တွေက ကင်ဆာဆဲလ်ဖြစ်စဉ်ကို ရပ်တန့်စေတဲ့အပြင် ဖလေဗိုနွိုက် (flavonoids) နဲ့ ဖီနိုလစ်(phenolic) လို့ခေါ်တဲ့ ကိုယ်တွင်း အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်တဲ့ အရာတွေလည်း များစွာ ပါဝင်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဒူးရင်းသီးကနေ ထုတ်ယူထားတဲ့ အဆီအနှစ်က ရင်သား ကင်ဆာဆဲလ်တွေကို ချေဖျက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

နှလုံးရောဂါ ကာကွယ်ပေးတယ်

ပုံမှန်အားဖြင့် အဆီနဲ့ သကြားဓာတ် ပါဝင်မှုများတဲ့ အစားအသောက်တွေက နှလုံးရောဂါရဲ့ အခြေခံမူလ ဇစ်မြစ်ဖြစ်ပါတယ်။ အဲဒီလို ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီများစုဟာ နှလုံးသွေးကြောတွေမှာ အနည်ထိုင်စုတတ်လေ့ရှိပြီး အဲဒီကနေ တစ်ဆင့် နှလုံးသွေးကြော ပိတ်ဆို့တာတွေ၊ နှလုံးခုန် မမှန်တာတွေ ဖြစ်စေတတ်ပါတယ်။

သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့ ပိုတက်ဆီယမ်တွေ ပါဝင်မှုများတဲ့ ဒူးရင်းသီးကို ပုံမှန်စားသောက်ပေးရင် နှလုံးရောဂါ အန္တာရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သုတေသန အများအပြားကလည်း ဒူးရင်းသီးဟာ ကိုယ်တွင်း ကိုလက်စထရောကို လျှော့ချပေးနိုင်တာကိုလည်း ရှာဖွေ့တွေ့ရှိဖော်ပြထားကြပါသေးတယ်။

ဒါကြောင့် ဒူးရင်းသီးကို ပုံမှန်စားသောက်ပေးတာဟာ ကိုယ်တွင်း မလိုအပ်တဲ့ အဆီတွေနဲ့ ကိုလက်စထရော လွန်ကဲမှုတွေကို လျှော့ချတားဆီးပေးနိုင်တဲ့အပြင် အသည်းအဆီဖုံးတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်

သမပိုင်းဒေသထွက် အသီးတွေထဲမှာ နာနတ်သီး၊ ဖရဲသီးနဲ့ သင်္ဘောသီးတွေထက် ဒူးရင်းသီးဟာဆိုရင် ဂလူးကို့စ် ပါဝင်မှု အညွှန်းကိန်းများစွာ နည်းတဲ့အတွက်ကြောင့် စားပြီးတာနဲ့ သွေးတွင်း ဂလူ့ကိုစ်ကို ချက်ချင်း မတိုးစေနိုင်ပါ။

ဒါကြောင့် ဒူးရင်းသီးက ဆီးချိုသွေးချိုရှိတဲ့ သူတွေအဖို့ သွေးတွင်းသကြားဓာတ် ညီမျှအောင် စားပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်းအတွက် ကောင်းမွန်ပါတယ်။ အစာချေဖျက်တာကို အဓိကလုပ်ဆောင်တဲ့ အူသိမ်မှာ စုပြီး သကြားဓာတ်စုပ်ယူတာကို တားဆီးပေးတဲ့အတွက် သွေးတွင်းအချိုဓာတ် မြင့်တက်တာကိုလည်း လျှော့ချပေးနိုင်ပါတယ်။

သုတေသီ လေ့လာချက်တွေအရ ဒူးရင်းသီးက သွေးတွင်း သကြားဓာတ်ညီမျှမှုအတွက်လိုအပ်တဲ့ ပန်ကရိယကနေ ထုတ်ပေးတဲ့ အင်ဆူလင်ကိုလည်း ပိုထွက်စေတဲ့အတွက် ကိုယ်တွင်း ဂလူ့ကိုစ် ချေဖျက်ခြင်းအတွက် အကျိုးရှိလှပါတယ်။

အရေပြားနဲ့ ဆံပင်ကောင်းမွန်စေတယ်

ဒူးရင်းသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အရေအပြားအပေါ် အမဲကွက် အစက်အပြောက် ထွက်တာတွေကိုလည်း လျှော့ချပေးပါတယ်။

ဒူးရင်းသီးက အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေအတွက် အဓိကလိုအပ်တဲ့ ကော်လာဂျင် ထွက်တာကိုလည်း အားပေးပါသေးတယ်။ ပိုလီဖီနောလ်လို့ခေါ်တဲ့ ကိုယ်တွင်းနဲ့ အရေပြားအတွင်းတွေမှာရှိတဲ့ အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်ပစ္စည်းကလည်း ဒူးရင်းသီးမှာ ပါဝင်နေတဲ့အတွက် ဆဲလ်ပျက်စီးတာ၊ အသားအရေတွန့်တာနဲ့ အရေပြားပျက်စီးတာတွေကို လျှော့ချပေးနိုင်ပါတယ်။

ဇင့်စ်၊ သံဓာတ်နဲ့ ဗီတာမင်ဘီ စတဲ့ ဆံပင်ကျန်မားရေးအတွက် အရေးကြီးတဲ့ ဓာတ်ပေါင်းတွေကိုလည်း ဒူးရင်းသီးမှာ ပါဝင်သေးတယ်။ ဒါကြောင့် ဒူးရင်းသီးဟာဆိုရင် ဆေးဝါးနယ်ပယ်မှာ အကျိုးရှိစွာ အသုံးတည့်နိုင်တဲ့အကြောင်း ပညာရှင်အများအပြားက ပြောဆိုလာကြပါတယ်။

ဒူးရင်းသီးမှာ အထက်မှာဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေ များစွာရှိသလို ဆိုးပြစ်တွေလည်းရှိပါတယ်။ သူရဲ့ပင်ကိုယ်ကပင် တခြားအသီးတွေနဲ့ မတူတဲ့အတွက်ကြောင့် အလွန်အကျွံ့ စားသောက်တာတွေကို ရှောင်ရှားပေးသင့်ပါတယ်။

ပညာရပ်ရှင်တွေရဲ့ အကြံပေးချက်အရ တစ်ခါစားလျှင် တစ်မွှာကနေ သုံးမွှာအထိသာ စားသုံးသင့်တယ်လို့ ဆိုပါတယ်။

အစာချေဖျက်ဖို့ ခက်နိုင်တယ်

ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဖြစ်တဲ့အတွက် ဒူးရင်းသီးကို အလွန်အကျွံ့ စားသုံးခြင်းကလည်း အစာအိမ်အတွင်း ချေဖျက်မှုဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

ဒူးရင်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ပုံမှန်အားဖြင့် အစာချေဖျက်ခြင်းအတွက် အကူအညီဖြစ်ပြီး ဝမ်းမှန်စေပါတယ်။ ဒါပေမဲ့ အလွန်အကျွံ့ စားသောက်မိတဲ့အခါမှာတော့ အစာအိမ်လမ်းကြောင်းတစ်လျှောက် အမျှင်ဓာတ်တွေ လိုတာထက်များလာပြီး အစာအိမ်အတွက် ချေဖျက်ဖို့ ခက်ခဲလာစေပါတယ်။ ဒါကြောင့် ဝမ်းရောင်တာ၊ လေပွတာနဲ့ ဝမ်းချုပ်ဝမ်းလျှောတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အပူဓာတ် ထုတ်ပေးနိုင်တဲ့အတွက်လည်း တချို့ဒေသခံ တော်တော်များများက နာနတ်သီးဖြစ်စေ၊ မင်းကွတ်သီးဖြစ်စေ စတဲ့ အသီးတွေနဲ့ တွဲဖက်စားသောက်လေ့ရှိပါတယ်။ အခုလို တွဲဖက်စားသုံးပေးတာက လေပွတာနဲ့ ဝမ်းချုပ်တာတွေကိုလည်း ရှောင်ရှားကာကွယ်နိုင်ပါသေးတယ်။

ဓာတ်မတည့်တာတွေ သတိပြုပါ

ဒူးရင်းသီးဟာ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပေမယ့် ဆီချိုဆေးကို ပုံမှန်သောက်သုံး နေရတဲ့သူတွေအဖို့ ဒူးရင်းသီးကို နေ့တိုင်းပုံမှန် စားသောက်တာကို ရှောင်ရှားသင့်ပါတယ်။ သကြားဓာတ်ပါဝင်မှု မြင့်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်တယ်လို့ အကြံပေးချက်တွေလည်း ရှိပါတယ်။

အပူစာ ဖြစ်တဲ့အတွက် နေမကောင်းတဲ့ အချိန်တွေမှာ အထူးရှောင်ရှားပေးသင့်ပြီး အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ ပါရာစီတမောလို ဆေးတွေနဲ့ တွဲဖက်စားသုံးခြင်းကို သတိပြု ရှောင်ရှားပေးသင့်ပါတယ်။

ဒါ့အပြင် အယ်လ်ကိုဟောပါဝင်တဲ့ ဖျော်ရည်များ၊ အရက်စတဲ့ ဖျော်ရည်များ လုံးဝတွဲဖက်မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ ဓာတ်ပြုပြီး မူးဝေတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာတွေနဲ့ အခြားသော မထင်ထားနိုင်တဲ့ ရှော့ခ်ရတာတွေ ဖြစ်ပေါ်နိုင်စေပါတယ်။

ကျောက်ကပ်ဝေဒနာ ပိုဆိုးစေနိုင်တယ်

ကျောက်ကပ် ဝေဒနာကို ခံစားနေရသူ ဖြစ်စေ၊ ကျောက်ကပ်နဲ့ ပတ်သက်ပြီး ဆေးကုသနေတဲ့ သူဖြစ်စေ ဒူးရင်းသီးကို လုံးဝ မစားသုံးသင့်ပါ။

သုတေသန ရှာဖွေတွေ့ရှိချက်တွေအရ ဒူးရင်းသီး အလွန်အကျွံ့စားတာက ကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ်ကို တိုးပွားစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အလုပ် မလုပ်နိုင်တဲ့ ကျောက်ကပ်အတွက် မြင့်တက်လာနိုင်တဲ့ ပိုတက်ဆီယမ် ပမာဏကို ကောင်းမွန်စွာ မလျှော့ချပေးနိုင်ပါဘူး။ အဲဒီကနေတစ်ဆင့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်တာတွေ ရှိလာစေနိုင်တယ်လို့ ဆေးပညာကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

ပတ်ဝန်းကျင်ကိုလည်း သက်ရောက်မှုရှိတယ်

ဒူးရင်းသီးစိုက်ပျိုးတာကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေလည်း ရှိနေပါတယ်။ အခုနှစ်အနည်းငယ် အတွင်းမှာ ဒူးရင်းသီးဟာဆိုရင် တရုတ်စျေးကွက်ထဲ ဝင်ရောက်လာတဲ့အတွက် ထုတ်လုပ်စိုက်ပျိုးတဲ့နိုင်ငံတွေအဖို့ အခွင့်ကောင်းဖြစ်လာနေပါတယ်။

သို့ပေသော်ငြားလည်း ဒူးရင်းသီးကို တစ်သီးစားပုံစံသုံးကာ ရှိရင်းစွဲသစ်တောနေရာတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုး လာတဲ့အတွက် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ တောတွင်းတိရစ္ဆာန်တွေရဲ့ စားကျက်နေရာ ပျောက်ဆုံးလာသလို သစ်တောကို မှီတင်းနေထိုင်ကြတဲ့ ဒေသခံတချို့အတွက်လည်း နေရပ်ဌာနေ ဖယ်ရှားခံလျက်ရှိပါတယ်။

ဒါ့အပြင် ဒူးရင်းသီးရဲ့ ထူခြားချက် အရ ဖိုမျိုးစိတ်ရော မမျိုးစိတ်ပါ ပန်းတစ်ပွင့်တည်းမှာ ပါဝင်ပေမယ့် ကိုယ်တိုင်မျိုးပွားဖို့ ခက်ခဲတဲ့အတွက် အသီးစား လင်းနို့နဲ့ ပျားပိတုန်းတွေအပေါ်မှာ များစွာ မှီတည်ရှင်သန်ကြရပါတယ်။ သစ်တောများကို ခုတ်ထွင်လိုက်တဲ့ အကျိုးဆက်အရ ၎င်းသတ္တဝါတို့ရဲ့ မှီတည်ခိုနားရာ ပျက်စီးကုန်တဲ့အတွက် ဒူးရင်းသီးများ ကောင်းစွာသီးပွင့်ဖို့ ခက်ခဲလာလျက်ရှိပါတယ်။

ဒူးရင်းသီးဟာ အရသာရှိသလို လူခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ အလွန်အကျွံ စားသုံးမိရင် ဘေးဥပဒ် ဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။ ရောဂါအခံရှိသူတွေ ကျန်းမာရေးမကောင်းသူတွေလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးဖို့လည်း အကြုံပြုချက်တွေ ရှိနေပါတယ်။

အန်ခရောင်း