ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီက အခိုင်အမာအထိုင်ချထားသည့် ဗျူဟာစခန်းတစ်ခုဖြစ်သော ထီးထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(ဧပြီလ ၁၉)တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။
စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိသည့် ထီးထဗျူဟာစခန်းကုန်းကို ရရှိရန် တော်လှန်ရေးတပ်များက ယခုလ ၁၂ ရက်နေ့မှစကာ ပိတ်ဆိုတိုက်ခိုက်နေခြင်းဖြစ်ပြီး တစ်ပတ်အကြာ ယနေ့ညနေ ၄ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် သိမ်းပိုက်ရာတွင် ပါဝင်သည့် စစ်ရေးသတင်းရင်းမြစ်များကဆိုသည်။
စတင်တိုက်ခိုက်ပြီး ၅ ရက်အကြာတွင် ထီးထစခန်းက လက်နက်ကြီးကုန်းကိုရရှိခဲ့ပြီး ယနေ့တွင် ထီးထဗျူဟာ စခန်းကုန်းသုံးခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ထီးထဗျူဟာစခန်းကုန်းတိုက်ပွဲတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)စစ်ဗျူဟာ(၁) ဗျူဟာမှူးကို အသေရရှိထားသည်ဟု ၎င်းထံမှ ထပ်မံသိရှိရသည်။
“(အသေဖမ်းမိတာက)ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ကရခ ရဲ့ စစ်ဗျူဟာ ၁ ရဲ့ ဗျူဟာမှူး ပေါ့ဗျာ၊ ဖမ်းမိတဲ့စစ်သုံ့ပန်း အရေအတွက်နဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အသေးစိတ်စာရင်းတော့ KNU/KNLA နဲ့ PDF ပူးပေါင်းတပ်တွေဘက်က တရားဝင်ထုတ်ပြန်မှပဲ အတည်ယူရမယ်ခင်ဗျာ” ဟု အထက်ပါ စစ်ရေးသတင်းအမြစ်က ဆိုသည်။
သို့သော် ယင်းအချက်အလက်နှင့်ပတ်သက်၍ အခြားသတင်းရင်းမြစ်များထံမှ ထပ်မံအတည်ပြုနိုင်ရန် Dawei Watch က ကြိုးစားနေဆဲဖြစ်သည်။
ယင်းစခန်းကုန်းကို ကာကွယ်နိုင်ရန်အတွက် ပိတ်ဆို့တိုက်ခိုက်ခံရချိန်မှစကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်အပြင်းအထန် လုပ်နေသော်လည်း စခန်းကုန်းကို လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းအများဆုံးအသုံးပြုခုခံတိုက်ခိုက်ပြီး လေကြောင်းဖြင့် စစ်ကူများပို့ခဲ့သည်ဟုလည်း ပဒိုစောအယ်နားက ပြောသည်။
ထီးထဗျူဟာစခန်းကုန်းသည် ထီးခီးနယ်စပ်စခန်းနှင့် ထီးခီး-မေတ္တာ နယ်စပ်ကုန်သွယ်ရေး လမ်းအတွက် အရေးပါသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားသည့် စခန်းတစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းကြောင့် နယ်စပ်စခန်းများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို စစ်ကောင်စီက စိုးမိုးထိန်းချုပ်ထားနိုင်ရန်အတွက် အရေးပါသည့် စခန်းတစ်ခုလည်းဖြစ်သဖြင့် ယင်းစခန်းမကျစေရန် ပြင်းပြင်းထန်ထန် ခုခံနေခြင်းဖြစ်သည်။
စစ်ကောင်စီက ထီးခီးနယ်စပ်စခန်းဘက်ကို စစ်ကူများထပ်မံပို့ထားပြီး ယနေ့ညပိုင်းအထိ ပစ်ခတ်မှုများရှိနေသဖြင့် ထီးခီး၊ ထီးထအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးနေကြရသည်ဟု ဒေသခံများထံမှသိရသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်က ကမာပလောစခန်းကိုစွန့်ခွာပြီး ထီးထဗျူစခန်းကုန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅၄ ဦးလက်နက်ချအညံ့ခံခဲ့ပြီး ၆ ဦးသေဆုံးခဲ့သည်။
ယင်းမှစကာ ထားဝယ်-ထီးခီးနယ်စပ်လမ်းတစ်လျောက်မှ စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်မှာ လေယာဉ်ဖြင့် စစ်လက်နက်နှင့် ရိက္ခာပစ္စည်းများ ပို့ဆောင်နေရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်စခန်း ၁၁ ခုကျော်ကို KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူကာ အချို့ကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်။
ယင်းစခန်းများတွင် ကျောက်ထုစခန်း၊ မောထစခန်း၊ ရောင်းမော်ပျူစောထီးစခန်း၊ မင်းသမီးခီးစခန်း၊ ပဲဒက်စခန်း၊ ကျောက်ဆည်ပျူစောထီးစခန်း၊ 1020 တောင်စခန်း၊ အောင်သာရဝစခန်း၊ မိုက်ခရိုဝေ့ဖ်တာဝါတိုင်(ကော့သောင်း-ဘုတ်ပြင်း)စခန်း၊ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် ရေကန်တောင်မှာရှိသည့် စစ်ကောင်စီဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းတို့ပါဝင်သည်။