BREAKING
April 19, 2025

ချင်းမိုင်မြို့ ၇၂၉ နှစ်ပြည့်အဖြစ် ကမ္ဘာ့စံချိန်တင် အကြီးဆုံးအကပွဲကျင်းပ

April 19, 2025

ဓာတ်ပုံ - Dawei Watch

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကို တည်ထောင်သော နှစ်ပေါင်း ၇၂၉ နှစ်ပြည့်ပွဲတော်တွင် လက်သည်းရှည်အကသမားသောင်းချီဖြင့် ကမ္ဘာ့ဂရင်းနစ်စံချိန်တင်နိုင်သည့် ထိုင်းနိုင်ငံ၏ အကြီးဆုံးကပြဖျော်ဖြေပွဲတော်ကို ယနေ့ ကျင်းပခဲ့သည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီမှစ၍ ချင်းမိုင်မြို့ဟောင်း Three Kings Monument ရှေ့တွင် ရိုးရာ လက်သည်းရှည်အကသမားပေါင်း ၁၀၀၀၀ ကျော်ဖြင့် ထိုင်းမြောက်ပိုင်း ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးကပြခဲ့ခြင်းဖြစ်သည်။

ရိုးရာယဉ်ကျေးမှုအရ အကသမားပေါင်း သောင်းချီဖြင့် လက်သည်းအရှည်များကို ညင်သာစွာ ကပြဖျော်ဖြေရင်း လမ်းတစ်လျှောက်တွင် တင်ဆက်ဖျော်ဖြေကြခြင်းဖြစ်သည်။

ကပြဖျော်ဖြေပွဲကို ဒေသခံများအပါအဝင် ကမ္ဘာလှည့်ခရီးသည်များလည်း လာရောက်ကြည့်ရှုကြသည်ကို တွေ့ရသည်။

ချင်းမိုင်မြို့တည်ပွဲတော်တွင် ဘုန်းကြီး ၇၂၉ ဦးကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်တိုင်း ပြုလုပ်ကျင်းပနေကြဖြစ်ကြောင်း သိရသည်။

ချင်းမိုင် (ဇင်းမယ်) မြို့ကို လွန်ခဲ့သော ၁၂၉၆ ခုနှစ်တွင် ဘုရင် Mangrai က မြို့အဖြစ် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။