အချိန်တိုအတွင်း တိုးတက်မှုမတွေ့ရလျှင် ရုရှား – ယူကရိန်းစစ် အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးနေမှုမှ စွန့်ခွာတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောဆိုလိုက်သည်။
အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းစစ်အဆုံးသတ်ရေးကို လျှင်လျှင်မြန်မြန် ပြီးစီးအောင် ဆောင်ရွက်လိုကြောင်း ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“အခု အကြောင်းရင်းတချို့ကြောင့် (ရုရှား ၊ ယူကရိန်း) ဘက်နှစ်ဘက်စလုံးမှာ တစ်ဘက်ဘက်က ဒါကို အင်မတန်ခက်ခဲအောင် လုပ်နေတယ်ဆိုရင် ကျွန်တော်တို့က ဒီလိုပဲ ပြောတော့မယ် – “မင်းတို့ မိုက်မဲတယ်။ မင်းတို့ အရူးတွေ။ မင်းတို့က ဆိုးရွားလွန်းတဲ့လူတွေပဲ” ၊ ပြီးရင် ကျွန်တော်တို့က ဒါကို လက်လျှော့စွန့်ခွာသွားတော့မှာပဲ။ ဒီလိုမျိုး မလုပ်ရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေး တိုးတက်မှုပြသရန် ရုရှားနှင့် ယူကရိန်းတွင် ရက်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ၊ ယင်းသို့ တိုးတက်မှုမပြနိုင်လျှင် အမေရိကန်အစိုးရအနေဖြင့် လက်လျှော့တော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ပြောကြားခဲ့သည်။
“ဒီကြိုးပမ်းအားထုတ်မှု(ယူကရိန်းစစ်အဆုံးသတ်ရေး)ကို ကျွန်တော်တို့ ရက်သတ္တပတ်ပေါင်းများစွာ ၊ လပေါင်းများစွာ မရပ်မနား ဆက်လုပ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဒီကိစ္စကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
အမေရိကန်အစိုးရအနေဖြင့် မည်မျှအချိန်ပေးဆက်စောင့်နေမည်ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ယူကရိန်းစစ်အဆုံးသတ်ရေး ပူတင်ဘက်က အချိန်ဆွဲနေသလားဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ ထရမ့်က “သူ ဒီလို မလုပ်ဖို့ မျှော်လင့်ပါတယ်”ဟု ဖြေကြားခဲ့သည်။
ယူကရိန်းစစ်အဆုံးသတ်ရေး သဘောတူညီချက်တစ်ခု လျှင်လျှင်မြန်မြန် ရရှိရေးမှာ ဖြစ်နိုင်ချေနည်းလာခဲ့ပြီဆိုသည်ကို ထရမ့်အစိုးရဘက်ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လက်ခံလာခဲ့ပြီဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
စစ်ပွဲအဆုံးသတ်ရေး ရုရှားဘက်က ငြင်းဆန်နေမှုကြောင့် အမေရိကန်အစိုးရဘက် မကျေနပ်မှု တိုးပွားလာနေသည်ဆိုသည့်အချက်ကို မာကိုရူဘီယို၏ ပြောစကားများက သက်သေပြနေသည်ဟု ဥရောပသံတမန်သုံးဦးကလည်း ပြောဆိုခဲ့သည်။
“ထရမ့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က ရုရှားအစိုးရ၏ လေသံများကို ဖြန့်ဖြူးပေးနေသည်”ဟူသော ယူကရိန်း၏ စွပ်စွဲချက်ကိုလည်း အမေရိကန်ဘက်က မကျေမနပ်ဖြစ်နေသည်ဟုလည်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ငြိမ်းချမ်းရေးအတွက် ရုရှားဘက်က တိုးတက်မှုအချို့ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၊ ယင်းဖြစ်သော်လည်း အမေရိကန်အစိုးရနှင့် ထိတွေ့ဆွေးနွေးရသည်က ခက်ခဲကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောဆိုခဲ့သည်။
ရုရှားအနေဖြင့် မိမိကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရင်း တစ်ဖက်မှာ စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။
ရုရှားအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်းကိုလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
Source: Reuters