ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အွန်လိုင်းကတစ်ဆင့် ထိုင်းဘာသာစကား သင်ကြားပေးနေသော မြန်မာဆရာမတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာအလုပ်သမာများကြား လူသိများသော ဆရာမဖြိုးဖြိုးကို စမွတ်စခွန်ခရိုင် လဝကအဖွဲ့များက ယနေ့ ဧပြီလ ၁၉ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
စမွတ်စခွန်ခရိုင်ထဲတွင် ထိုင်းဘာသာစကားကို Facebook နှင့် Zoom များကတစ်ဆင့် အွန်လိုင်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း သင်ကြားပေးနေသည်ကို စုံစမ်းသိရှိရသဖြင့် လဝကအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
အရေး၊ အဖတ်၊ အပြော အခြေခံ ထိုင်းဘာသာသင်တန်းများကို အွန်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့၍ သင်တန်းဖွင့်လှစ်၍ သင်ကြားနေသည်ကို လဝကအဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ဆိုသည်။
ဆရာမဖြိုးဖြိုးသည် အပတ်စဉ် သောကြာ၊ စနေ နှစ်ရက်တွင် တစ်ရက်ကို ၂ နာရီနှုန်းဖြင့် နှစ်ပတ်တာ အခြေခံထိုင်းဘာသာကို တစ်ဦးလျှင် ဘတ် ၁၅၀၀ နှုန်းဖြင့် အွန်လိုင်းကတစ်ဆင့် သင်ကြားနေကြောင်း ဖော်ပြသည်။
၎င်း၏ နေထိုင်ခွင့်စာရွက်စာတမ်းများကို စစ်ဆေးသောအခါ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ကိုင်ဆောင်ထားသူ ဖြစ်သဖြင့် ထိုင်းနိုင်ငံထဲ စာသင်ကြားခွင့်မရှိသည်ကို လဝကအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
လုပ်ပိုင်ခွင့်မရှိသောအလုပ်များတွင် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဆရာမဖြိုးဖြိုးကို အရေးယူထားပြီး နေထိုင်ခွင့်ဗီဇာကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ဆရာမဖြိုးဖြိုးသည် တနင်္သာရီတိုင်း ပုလောဒေသခံတစ်ဦးဖြစ်သည်။
ဖမ်းဆီးခံရသော ဆရာမဖြိုးဖြိုး၏ နောက်ဆုံးအခြေအနေကို သိရှိနိုင်ရန်အတွက် ၎င်းက သင်ကြားပေးနေသည့် သင်တန်းကျောာင်းတစ်ခုကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။
ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်ရောင်းဘတ်) ကိုင်ဆောင်ထားပါက သင်တန်းဖွင့်လှစ်၍ စာသင်ကြားခြင်းများ လုပ်ပိုင်ခွင့်မရှိကြောင်း သတင်းက ဆိုသည်။
အကယ်၍ သင်ကြားနေသည်ကို စစ်ဆေးတွေ့ရှိပါက တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရမည်ဖြစ်ပြီး နေရပ်ပြန်ပို့ခံရနိုင်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: Naewna, FM 91