BREAKING
April 19, 2025

ထားဝယ်သို့ စစ်ကောင်စီရဟတ်ယာဉ်သုံးစင်းရောက်၊ အထူးစီးပွားရေးဇုန်သို့ ဆက်သွား

April 19, 2025

ပုံစာ - စစ်ကောင်စီတပ်က Mi 17 ရဟတ်ယာဉ်တစ်စင်းကို တွေ့ရစဉ် (ပုံဟောင်း) Photo - AFP

ထားဝယ်မြို့ရှိ လေယာဉ်ကွင်းသို့ ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းတွင် Mi 17 အမျိုးအစား ရဟတ်ယာဉ်သုံးစင်း တစ်ပြိုင်နက် ရောက်ရှိလာကြောင်း‌ မြို့ခံများနှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါရဟတ်ယာဉ်သုံးစင်းသည် မော်လမြိုင်မြို့မှ ပျံသန်းလာပြီး ထားဝယ် လေယာဉ်ကွင်းတွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လေကြောင်းအား စောင့်ကြည့်ထောက်လှမ်းနေသည့် Enemy Air Route တယ်လီဂရမ်ချယ်နယ်က ဖော်ပြသည့် အချက်အလက်များအရသိရသည်။

ထားဝယ်မြို့ခံအချို့ကလည်း ယနေ့ နံနက် ၁၁ နာရီကျော်တွင် ထားဝယ်လေယာဉ်ကွင်း သို့မဟုတ် စကခ ၈ ဘက်မှ ရဟတ်ယာဉ်အသံများ ကျယ်လောင်စွာ ကြားရကြောင်း ပြောဆိုသည်။

“(ရဟတ်ယာဉ်) ဆင်းတာတော့ မမြင်လိုက်ဘူး။ အသံတော့ကြားတယ်။ လေယာဉ်ကွင်းထဲပဲဖြစ်မလား၊ စကခ ၈ထဲပဲ ဆင်းလားတော့ သေချာမသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်လေဆိပ်သို့ ဆင်းသက်ပြီး မိနစ်ပိုင်းအကြာတွင် အဆိုပါရဟတ်ယာဉ်သုံးစင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်ဘက်သို့ ဆက်လက်ပျံသန်းခဲ့ကြောင်း မြို့ခံအချို့နှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ကမူ စစ်ကောင်စီသည် လေကြောင်းဖြင့် အင်အားဖြည့်တင်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ရုရှားနိုင်ငံထုတ် သယ်ယူပို့ဆောင်ရေးအမျိုးအစား Mi 17 ရဟတ်ယာဉ်သည် အာဏာမသိမ်းမီကတည်းက စစ်ကောင်စီ လေတပ်တွင် ၂၁ စင်းရှိပြီး အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်တွင် နောက်ထပ် ခြောက်စင်းကို ထပ်မံဝယ်ယူခဲ့ကြောင်း လေတပ် CDM ‌ဗိုလ်ကြီးတစ်ဦးက မီဒီယာများကို ဖြေဆိုထားသည်။

Mi 17 ရဟတ်ယာဉ်သည် စစ်ကူစစ်သားများ၊ စစ်လက်နက်ခဲယမ်းများ၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းများကို အဓိက သယ်ပို့ ပေးရသည့်အပြင် ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးအမြောက်များကိုလည်း သယ်ဆောင်ပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်လေယာဉ်ကွင်းတွင် Mi 17 ရဟတ်ယာဉ်အပြင် တရုတ်နိုင်ငံထုတ် Y12 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းလည်း အတက်အဆင်းပြုလုပ်နေကြောင်း Enemy Air Route တယ်လီဂရမ်ချယ်နယ်က ဖော်ပြသည်။

Y12 အပေါ့စားသယ်ယူပို့ဆောင်ရေးလေယာဉ်ကို စစ်ကောင်စီက ဗုံးကြဲရာတွင်အသုံးပြုနေပြီး ထိုင်း-မြန်မာနယ်စပ် ထီးထဗျူဟာကုန်းစခန်းတိုက်ပွဲ၊ သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာတိုက်ပွဲတို့တွင် လတ်တလော ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

ယခင်ကမူ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန် အများအားဖြင့် မြိတ်လေတပ်စခန်းမှသာ ပျံတက်လာရလေ့ရှိသော်လည်း လက်ရှိတွင်မူ ထားဝယ်လေယာဉ်ကွင်း သို့မဟုတ် စကခ ၈ အတွင်းသို့ အချိန်မရွေး အဆင်းအတက်လုပ်ကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ခြေရှိနေသည်။

Enemy Air Route တယ်လီဂရမ်ချယ်နယ်ဖော်ပြချက်အရ ယနေ့ထဲတွင်ပင် တနင်္သာရီတိုင်းအတွင်းရှိ မြိတ်လေတပ်စခန်း၊ ထားဝယ်လေယာဉ်ကွင်းတို့မှ Mi 17 ရဟတ်ယာဉ် သုံးစင်း၊ Y12 လေယာဉ်တစ်စင်း၊ K8-W တိုက်လေယာဉ်တို့ဖြင့် အကြိမ်ရေ အမြောက်အများ လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။