မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်နေသောကြောင့် ကားလမ်းပိတ်မိနေသဖြင့် ခရီးသွားများ သွားလာမှု အဆင်ပြေစေရန် စပိတ်ဘုတ် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲရန်စီစဉ်နေကြောင်း MOE (Myeik) Travel &Tours ကုမ္ပဏီထံမှ သိရသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဝင်း၀ရွာ စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကာ မြိတ်-ထားဝယ်လမ်းတွင် ခရီးသွားဒေသခံများ ပိတ်မိနေ သည်။
ထို့ကြောင့် ကျန်းမာရေးနှင့် အရေးပေါ် ခရီးသွားရန်လိုအပ်သည့် ခရီးသွားများအတွက် အမြန်ယာဉ်ပြေးဆွဲ ရန်စီစဉ်ရခြင်း ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီတာဝန်ရှိသူ ဦးမိုးဇော်က ပြောသည်။
“အဓိက ကားလမ်းပိတ်နေချိန် အရေးပေါ်ခရီးသွားမယ့်သူတွေအတွက် စီစဉ်ပေးတာပါ။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကားလမ်းတွေ ပိတ်မိနေချိန် ခရီးသွားဖို့ မဖြစ်မနေလိုအပ်တဲ့ သူတွေအတွက် အဆင်ပြေအောင် စီစဉ်တာမျိုးပါ” ဟု ၎င်းက ပြောဆိုသည်။
မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားမှ ဧပြီလ ၂၀ ရက် နံနက် ၇ နာရီတွင် ထားဝယ်မြို့သို့ စတင် ထွက်ခွာမည်ဖြစ်ပြီး လိုက်ပါမည်ခရီးသည်များ ကုမ္ပဏီထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
ခရီစဉ်တစ်ခေါက်လျှင် ခရီးသည် ၂၅ ဦးလိုက်ပါနိုင်မည်ဖြစ်ကာ လေးနှစ်အောက် ကလေးငယ်များမှာမူ အခမဲ့ စီးနင်းလိုက်ပါခွင့်ရမည် ဖြစ်ကြောင်း ကုမ္ပဏီထံမှ သိရသည်။
ဝင်း၀ရွာ စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၉ရက်အထိ လေကြောင်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။
ထို့ကြောင့် မြိတ်-ထားဝယ်လမ်းပိုင်းတွင် ခရီးသွားကားများ ရာနှင့်ချီပိတ်မိနေပြီး ခရီးသည့်အချို့မှာ ထားဝယ်မြို့ နှင့် မြိတ်မြို့များသို့ ပြန်လည်လှည့်ပြန်သွားခဲ့ကြကြောင်း ခရီးသွားမော်တော်ယာဉ်လိုင်းများထံမှ စုံစမ်းသိရသည်။
ခရီးသည်အချို့မှာမူ တိုက်ပွဲလွတ်ကင်းသည့်ဒေသများတွင် ရပ်နားလျက် စောင့်ဆိုင်းနေကြရကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ သိရသည်။
“ကော့သောင်းကနေ ဒီနေ့တက်မယ်။ တိုက်ပွဲဖြစ်နေတာလည်းသိတယ်။ ခရီးသည်ကလည်း လက်ခံထားပြီးဆိုတော့ ဒီလိုပဲ စုံစမ်းပြီး သွားရမှာပဲ။ သွားမရရင် လမ်းမှာ အိပ်စောင့်ရမှာပေါ့လေ” ဟု ထားဝယ်-ကော့သောင်း ပြေးဆွဲနေသည့် ခရီးသွားယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ တတိယအပတ်တွင်လည်း မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ကားလမ်းပိတ်ထားသည့်အတွက် စပိဘုတ်ဖြင့် ပြေးဆွဲပေးခဲ့ဖူးသည်။