သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းအနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလိုက်ကြဲနေခြင်းကြောင့် ရငဲရွာကမြေးအဘိုးနှစ်ဦး ထိမှန်သေဆုံးသွားကြောင်း ကနဦးရရှိသည့် အချက်အလက်များအရ သိရသည်။
ယနေ့(ဧပြီ ၁၉) မနက် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းဝစခန်းအနီးပတ်ဝန်းကျင်၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများကို ဗုံး ၈ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ရငဲရွာထဲကို ဗုံးနှစ်လုံးလာချသွားတယ်။ မြေးအဘိုးနှစ်ဦးသေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အသက် ၇ နှစ်အရွယ် ယောကျ်ားကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်အမျိုးသားကြီးတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး အပါအဝင်စုစုပေါင်းလေးဦးဒဏ်ရာရသည်ဟု ဒေသခံအချို့က ပြောသည်။
ဧပြီလ ၁၈ ရက် မနက် ၆ နာရီခန့်တွင် ဝင်းဝစခန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ယင်းနေ့ညနေ ၄ နာရီခန့်တွင် ဝင်းဝစခန်းအနီးဝန်းကျင်နှင့် ဝင်းဝတံတားအနီးဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့သည်။
ည ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး ၈ လုံးခန့် ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“မနေ့က ည ၁၁ နာရီလောက်မှာ ဗုံး ၈ လုံးလောက်လာကြဲသွားတယ်၊ မနေ့ညနေတည်းက တိုက်ပွဲဖြစ်တာမရှိတော့ဘူး၊ အခုမနက်လည်း လာကြဲသွားပြန်ပြီ တိုက်ပွဲဖြစ်တာမရှိဘူး” ဟု ဝင်းဝရွာနှင့် တစ်ရွာကျော်တွင်ရှိသည့် ဝဲရစ်ရွာက အမျိုးသားတစ်ဦးက ပြောသည်။
မနေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ထားဝယ်-မြိတ်အတက်အဆင်းကားများ လမ်းတွင်ပိတ်မိနေပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် တိုက်ပွဲဇုန်ထဲရှိနေသည့် ယာဉ်တန်းနှင့် လူများထိခိုက်မှုရှိမရှိ မသိရသေးပေ။
စစ်ကောင်စီတပ်လေယာဉ်သည် သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်၊ အရှေ့တောဒေသ ထီးထအထိ ပျံသန်းနေသဖြင့် ယင်းမြို့နယ်အတွင်းက ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။