ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရစဥ် စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူ တစ်ဦးနှင့် စစ်မှုထမ်းသင်တန်းသို့ အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရသူတစ်ဦးတို့ ကော့သောင်းခရိုင် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ထွက်ပြေးလာကာ ခိုလှုံခဲ့ကြသည်။
ထိုင်းမှပြန်ပို့ခံရသည့် ကိုအောင်စိုးမှာ ကော့သောင်းမြို့၊ ခမရ (၄၃၁)တပ်ရင်းတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး ဧပြီလ ၁၆ ရက် ညတွင် ထွက်ပြေးလာခဲ့ကာ ဧပြီ ၁၇ရက်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
ထွက်ပြေးစဉ် ကိုအောင်စိုး အပါအဝင် ၃ ဦးဖြစ်သော်လည်း ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများတွေ့ပြီး တိုက်ခိုက်ကြရာမှ လူစုကွဲသွားကြောင်း ဘက်ပြောင်းခိုလှုံသူ၏ပြောဆိုချက်ကို ကိုးကား၍ ကော့သောင်းပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက Dawei Watch ကို ပြန်ပြောပြသည်။
“ကျွန်တော်တို့ဘက်ကို ဆက်သွယ်လာလို့ သွားခေါ်ပေးတော့ သူတစ်ယောက်တည်းပဲရှိတယ်။ ကျန်နှစ်ယောက်နဲ့ က သူနှင့်လူစုကွဲသွားတယ်လို့ပြောတယ်” ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အင်းဘီလူး ကပြောသည်။
ကိုအောင်စိုးနှင့်အတူ ထွက်ပြေးခဲ့သည် စစ်သားစုဆောင်းခံရသူ နှစ်ဦးလည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကော့သောင်း ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘက်ပြောင်းခိုလှုံလာသည့် အသက် ၂၄ ဝန်းကျင်ရှိသည့် ကိုအောင်စိုးသည် မြိတ်မြို့ဒေသခံဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် အဖမ်းခံခဲ့ရကာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ တတိယပတ်တွင် ရနောင်းအချုပ်ထောင်မှ ကော့သောင်းသို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။

ယင်းနောက် ကော့သောင်းမြို့တွင် စစ်မှုထမ်းအပါတ်စဉ် (၁၂)အဖြစ် စုဆောင်းခြင်းခံရပြီးနောက် တစ်လကျော်အကြာတွင် ထွက်ပြေးလာမြောက်လာခြင်းဖြစ်သည်။
“သူကတော့ ကျွန်တော်တို့နဲ့အတူ စကစကိုပြန်တိုက်မယ်လို့ပြောပေမယ့် သူ့စိတ်ဆန္ဒအရ ပဲပေါ့။ သူအနေနဲ့တခြားကို သွားချင်တယ်ဆိုလည်း ကျွန်တော်တို့က ပို့ပေးမှာပေါ့” ဟု ကော့သောင်းပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အလားတူ ဧပြီလ ၁၆ ရက်တွင်လည်း ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ စစ်ကောင်စီ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီ တပ်သားတစ်ဦး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ ထံသို့ ဘက်ပြောင်းခိုလှုံလာကြောင်း ထုတ်ပြန်ထားသည်။
ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သားသည် တနင်္သာရီမြို့နယ် ၊ တကူဒေသခံ အသက် ၃၄ နှစ်အရွယ် ကိုအောင်ကိုကို ဖြစ်ပြီး စစ်မှုထမ်းတပ်သားအဖြစ်မည်ကဲ့သို့ စုဆောင်းခံခဲ့ရကြောင်း ယင်းတပ်ခွဲ ၃ ထံ ဆက်သွယ်မေးမြန်းရာ ကာယကံရှင် ၏ ဆန္ဒနှင့် လုံခြုံရေး အရ လတ်တလောတွင် ဖြေကြား၍ မရသေးကြောင်း ပြောဆိုသည် ။
အထက်ပါ ဘက်ပြောင်းခိုလှုံလာသူ နှစ်ဦးစလုံး သည် လက်နက်ယူဆောင်လာနိုင်ခြင်းမရှိကြောင်း ၎င်းတို့ကိုခိုလှုံခွင့်ပေးထားသည့် တပ်ဖွဲ့များထံမှသိရသည် ။
ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့ကလည်း ထိုင်းနိုင်ငံ မှ ကော့သောင်း ပို့ဆောင်ခံရစဥ် စစ်မှုထမ်းသင်တန်းအတွက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူတစ်ဦး ကော့သောင်းပကဖ ထံသို့အလင်းဝင်သည့် ဖြစ်စဉ်ရှိခဲ့သေးသည်။