BREAKING
April 19, 2025

ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်စပါးများ အဆိပ်သင့်မှုမြင့်လာမည်

April 19, 2025

လေထုအပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာမှုကြောင့် ဆန်စပါးအဆိပ်သင့်မှု မြင့်မားလာမည်ဖြစ်ကြောင်း သုတေသနတွေ့ရှိချက်အသစ်တစ်ခုက ဆိုသည်။

ယင်းကြောင့် လူသန်းပေါင်းများစွာတွင် ကင်ဆာနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေပိုများလာနိုင်ခြေ ရှိကြောင်း The Lancet ဆေးပညာဂျာနယ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည့် တွေ့ရှိချက်က ဆိုသည်။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်မှီခိုစားသုံးနေရသည့် ဆန်စပါးသည် ကမ္ဘာ့အရေးကြီးဆုံး ကောက်ပဲသီးနှံဟု ဆိုနိုင်သည်။

ကိုလံဘီယာတက္ကသိုလ်က အပင် ဇီဝကမ္မဗေဒပညာရှင်နှင့် တွဲဖက်ပါမောက္ခ Lewis Ziska နှင့် သုတေသီများအဖွဲ့သည် သုတေသနလယ်ကွင်းများတွင် ဆန်စပါးစိုက်ပျိုးမှုကို ခြောက်နှစ်ကြာ လေ့လာခဲ့ကြသည်။

အဆိုပါ လယ်ကွင်းများတွင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အပူချိန်ကို အတိုးအလျှော့ ပြုလုပ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

နှစ်မျိုးလုံး တိုးမြှင့်လိုက်သောအခါ စပါးနှံများတွင် အာဆင်းနစ် ပမာဏနှင့် သက်ရှိသတ္တဝါများမှ ဖြစ်ပေါ်ခြင်းမဟုတ်သည့် အာဆင်းနစ်တို့ မြင့်တက်လာသည်ကို တွေ့ရသည်။

ဆန်စပါးစိုက်ပျိုးရာ စိမ့်ဝင်နိုင်သော မြေမျက်နှာပြင်အနေအထားအရ စပါးနှံများသည် ကင်ဆာဖြစ်စေနိုင်သည့် ပြင်းထန်သော အဆိပ်အတောက်ဖြစ် အာဆင်းနစ်ဒြပ်စင်ကို ပုံမှန်မဟုတ်သည့်အဆင့်အထိ မြင့်မားစွာ စုပ်ယူနိုင်ကြောင်း အဆိုပါ တွေ့ရှိချက်က ဆိုသည်။

ယင်းမှာ အထူးသဖြင့် ကလေးငယ်များအတွက် ပိုမိုအန္တရာယ်ရှိစေနိုင်သည်ဟု သိရသည်။

“မြေသားထဲမှာ Biogeochemical (ဓာတုပစ္စည်းများ သက်ရှိနှင့် ရေ၊ လေ၊ မြေထုများအတွင်း ပျံ့နှံ့ပုံ) လုပ်ငန်းစဉ်အရ အပူချိန်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာတဲ့အခါ ဆန်စပါးတွေမှာလည်း သက်ရှိတွေကနေ ဖြစ်ပေါ်တာ မဟုတ်တဲ့ အာဆင်းနစ် မြင့်လာပါတယ်” ဟု သုတေသီတစ်ဦးက ဆိုသည်။

“ဒီ သက်ရှိသတ္တဝါတွေကနေ ဖြစ်ပေါ်လာတာ မဟုတ်တဲ့ အာဆင်းနစ်က ကျန်းမာရေးကို အလွန်ဆိုးရွားထိခိုက်စေပါတယ်” ဟု ၎င်းက ဆိုသည်။

Inorganic arsenic နှင့် ထိတွေ့စားသုံးခြင်းသည် အရေပြား၊ ဆီးအိမ်၊ အဆုတ်တို့တွင် ဖြစ်ပေါ်တတ်သော ကင်ဆာများ၊ နှလုံးရောဂါ၊ မွေးကင်းစကလေးငယ်များ၏ အာရုံကြောဆိုင်ရာ ပြဿနာများ စသည်တို့နှင့် ဆက်စပ်နေသည်။

ဆန်စားသုံးမှုများသော ကမ္ဘာ့ဒေသများတွင် Inorganic arsenic ကြောင့် ကင်ဆာအန္တရာယ် မြင့်တက်လာသည်ကို သုတေသနတွင် ဖော်ပြထားသည်။

Source: Inside Climate News