BREAKING
January 31, 2025

ထိုင်းတွင် မြန်မာလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ

April 19, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ အမြန်လမ်းတစ်နေရာတွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၃ ဦးကို ယနေ့ ဧပြီ ၁၉ရက် နံနက်ပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နိုင်ငံခြားသား အလုပ်သမားများသည် ဘန်ကောက်နှင့် အနီးတဝိုက်နယ်မြေများတွင် အလုပ်လုပ်ကိုင်ရန် ကားများသုံးကာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးနိုင်ရန်အတွက် အမြန်လမ်းရဲတပ်ဖွဲ့များက လမ်းပေါ်တွင် စစ်ဆေးနေခဲ့ကြောင်း‌ ဆိုသည်။

ယင်းသို့ စစ်ဆေးနေချိန် နံနက် ၉ နာရီခန့်တွင် ကုန်ပစ္စည်းမပါသော ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ရသဖြင့် အချက်ပြ၍ ရပ်တန့်စစ်ဆေးရမှ မြန်မာအလုပ်သမား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၃ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကိုပါ ဖမ်းဆီးခဲ့ပြီး မြန်မာအလုပ်သမားများတွင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွား အထောက်အထားများ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း သတင်းတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများကို ပထုန်ဌာနီခရိုင်သို့ ပို့ဆောင်ပေးရန်အတွက် တာခ့်ခရိုင်မှတစ်ဆင့် နံနက် ၃ နာရီအခန့်တွင် တင်ဆောင်လာခဲ့ပြီး အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် ပွဲစားတစ်ဦးက ငှားရမ်းခဲ့ကြောင်း ကားသမား၏ ဝန်ခံထွက်ဆိုချက်ကို ဖော်ပြသည်။

ယခင်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခဲ့ဖူးသော မြန်မာအလုပ်သမားတစ်ဦးကလည်း မြန်မာနိုင်ငံဘက်မှ မဲဆောက်သို့ သဘာဝလမ်းအတိုင်း ဝင်ရောက်လာခဲ့ကြပြီး ခရီးစရိတ်အတွက် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကာ အလုပ်လုပ်ရင်း ခရီးစရိတ်ကို ပြန်ဆပ်ရမည်ဟု ဖြေကြားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ကားသမားများနှင့်အတူ ဖမ်းဆီးရမိသော မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် အယုဒ္ဓယခရိုင် အမြန်လမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဧပြီလအတွင်း မြန်မာအလုပ်သမားများ ၂၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သော မတ်လအတွင်း တရားမဝင် ဝင်ရောက်စဉ်တွင် ကားမှောက်မှုနှင့် အသတ်ခံရမှုကြောင့် မြန်မာအလုပ်သမား ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

Ref: CH 8, MGR Online